DVB Logo
Home
နိုင်ငံတကာ
Future Forward Party ခေါင်းဆောင် ဖိထား iTV မီဒီယာအမှုမှ ကွင်းလုံးကျွတ်လွတ်   
DVB
·
January 24, 2024
Future Forward Party ခေါင်းဆောင် ဖိထား iTV မီဒီယာအမှုမှ ကွင်းလုံးကျွတ်လွတ်   
Donate to DVB

လွှတ်တော်ဥပဒေနဲ့မညီဘဲ လွှတ်တော်အမတ်ဖြစ်ခဲ့တယ်လို့ တိုင်ကြားခံရပြီး အမှု ရင်ဆိုင်နေရတဲ့  Future Forward Party ခေါင်းဆောင် ထိမ်းဖိထား လိုမ့်ကျရွန်းရတ်ဟာ  ဇန်နဝါရီလ ၂၄ ရက်မှာ အဆိုပါအမှုကနေ ကွင်းလုံးကျွတ် လွတ်ကင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

ဖိထားဟာ iTv  သတင်းဌာနထဲ အစုရှယ်ယာ ပါဝင်ပတ်သက်ပေမဲ့  iTv ကုမ္ပဏီရဲ့ အကျိုးအမြတ်တွေကို ရရှိသူမဟုတ်ကြောင်း စစ်ဆေးတွေ့ရှိတဲ့အတွက် စွပ်စွဲထားတဲ့ ပုဒ်မ  ၁၀၁ (၆) နဲ့ ၉၈ (၃) မှ ကင်းလွတ်ပါကြောင်း အခြေခံဥပဒေတရားရုံး ခုံသမာဓိတရားသူကြီးအဖွဲ့က ဒီကနေ့ နေ့လယ်  ၂  နာရီကျော်မှာ စီရင်ချမှတ်လိုက်တာပါ။ 

အဆိုပါ စီရင်ချက်ကြားသိရတဲ့အတွက် အခြေခံဥပဒေတရားရုံး အပြင်ဘက်ကနေ လာရောက် စောင့်ဆိုင်းအားပေးနေကြတဲ့ ရာနဲ့ချီတဲ့လူအုပ်ကြီးဟာ ဝမ်းသာအားရနဲ့ လက်ခုပ်တီးပြီး  တရားရုံး ကထွက်လာတဲ့ ထိမ်းဖိထားကို  ကြိုဆိုခဲ့ကြပါတယ်။

အမှုကနေ ကင်းလွတ်လာတဲ့ ထိမ်းဖိထားဟာ အရင်လို ပြည်သူ့အကျိုးကို ပြန်လည် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ပါတီဥက္ကဋ္ဌရာထူးကို ပြန်ယူမယ်၊ မယူဘူး ဆိုတာတော့  ပါတီထဲမှာ ပြန်ဆွေး‌နွေးရမယ်၊ လွှတ်တော်ထဲကို ဘယ်တော့ပြန်ဝင်ရမလဲ ဆိုတာကလည်း လွှတ်တော်ဥက္ကဋ္ဌရဲ့  ညွှန်ကြားချက်ပေါ် မူတည်တယ်လို့  သတင်းထောက်တွေကို ပြောပါတယ်။

ထိမ်းဖိထားဟာ လွှတ်တော်ဥပဒေက ပြဋ္ဌာန်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထားသူဟာ မီဒီယာအဖွဲ့အစည်းတွေနဲ့  ကင်းလွတ်သူ ဖြစ်ရမယ်ဆိုတဲ့ အချက်ကို လွန်ဆန်ပြီး  iTv  သတင်းဌာနထဲမှာ အစုရှယ်ယာ ပါဝင်ခဲ့တယ်လို့စွပ်စွဲပြီး စစ်ဆေး အရေးယူပေးဖို့  ဖလန်းပချားရတ်ပါတီ (စစ်အုပ်စုပါတီ) အမတ်နို င်းလိန်းကိုင်း လိကစ်ဝပ်ထနက  ရွေးကောက်ပွဲ‌ကော်မရှင်ထံ တိုင်ကြားခဲ့တာပါ။

အဆိုပါတိုင်ကြားစာကို  Future Forward Party ပါတီ  ရွေးကောက်ပွဲမှာ အနိုင်ရပြီး ထိမ်း ဖိထား ဝန်ကြီးချုပ်အဖြစ် အရွေးခံရဖို့ ရက်ပိုင်းအလိုမှာမှ တိုင်ကြားခဲ့တာဖြစ်ကာ ရွေးကောက်ပွဲ ကော်မရှင်ကလည်း  တရားလိုအနေနဲ့ အခြေခံဥပဒေတရားရုံးကို ဆက်လက်တိုင်ကြားခဲ့ပါတယ်။

အခြေခံဥပဒေတရားရုံးကလည်း အမှုကို လက်ခံထားပြီး လိုအပ်တဲ့ အချက်အလက်သက်သေတွေ စိစစ်ဆဲကာလအတွင်း ထိမ်းဖိထားကို လွှတ်တော်အမတ်အဖြစ်မှ ယာယီဆိုင်းငံ့လိုက်ကြောင်း သူ ဝန်ကြီးချုပ် အရွေးခံမယ့်နေ့  ၂၀၂၃ ဇူလိုင်လ ၁၉ ရက်နေ့ မှာ ကြေညာလိုက်ပါတယ်။ 

အဆိုပါကြေညာချက်ကြောင့် ထိမ်းဖိထားဟာ လွှတ်တော်ထဲကနေ ချက်ချင်းနှုတ်ဆက်ထွက်ခွာပြီး FFP ပါတီကလည်း ထိမ်းဖိထားဟာ စွပ်စွဲခံထားရသလို  iTv  မီဒီယာနဲ့ ပတ်သက်ခြင်းမရှိကြောင်း ကန့်ကွက်စာကို အခြေခံဥပဒေတရားရုံးကို ချက်ချင်းတင်ပြခဲ့ပါတယ်။

ဒါပေမဲ့ အခြေခံဥပဒေတရားရုံးက စုံစမ်းစစ်ဆေးမှုတွေ နှောင့်နှေးကြန့်ကြာစွာ ဆောင်ရွက်ခဲ့ပြီး  ဖွေ့ထိုင်းပါတီ ဦးဆောင်တဲ့ အစိုးရသစ်သက်တမ်း ၄ လကျော်ကြာ ဒီကနေ့မှာမှ အမှုမှ လွတ်ကင်းကြောင်း စီရင်ဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်ပါတယ်။ 

iTv  သတင်းဌာနဟာ လွန်ခဲ့တဲ့ ၁၆ နှစ်ကျော်ကတည်းက စစ်အစိုးရရဲ့  ပိတ်ပင်ခြင်းခံရပြီး  ထိမ်းဖိထားအနေနဲ့လည်း ပါဝင်ပတ်သက်တာမဟုတ်ဘဲ ဖခင်ဖြစ်သူ ဆုံးပါးသွားလို့ သားကြီးတယောက်အနေနဲ့ ဖခင်အမွေတွေကို စီမံခန့်ခွဲဖို့ တာဝန်ယူရတာမှာ သူ့ဖခင် ထည့်ဝင်ထားတဲ့ iTV ရှယ်ယာကိုပါ စီမံခန့်ခွဲဖို့ လက်ခံထားရတာလို့ ကာယကံရှင်က ပြောပါတယ်။

အရင်အစိုးရလက်ထက် လွှတ်တော်ကိုယ်စားလှယ် လျှောက်ထားစဉ်က လာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့ကို ပိုင်ဆိုင်မှုတွေ တင်ပြရတာမှာလည်း အဲဒီအကြောင်းပါ ထည့်သွင်းခဲ့ကြောင်း၊ အဲဒီတုန်းက ကင်းလွတ်ခဲ့လို့ လွှတ်တော်အမတ် ၄ နှစ်လုပ်ခဲ့ရပြီးကာမှ ဒုတိယ လွှတ်တော်အမတ်သက်တမ်း စတင်ချိန်၊ ဝန်ကြီးချုပ်အဖြစ် အရွေးခံရမယ့်အချိန်မှ တိုင်ကြားခံရတာဟာ နိုင်ငံရေးခြေထိုးခံရခြင်းသာ ဖြစ်တယ်လို့  ထိမ်းဖိထားက ပြောပါတယ်။ 

တိုင်ကြားသူ နိုင်းလိန်းကိုင်းလိကစ်ဝပ်ထနက တော့   iTv ဟာ ရုပ်သံအပိတ်ခံရပေမယ့် ကြော်ငြာ လက်ခံ ရိုက်ကူးနေတယ်၊ ငွေစာရင်းတွေလည်း လည်ပတ်မှုရှိနေတယ်ဆိုပြီး iTv အစည်းအဝေး မှတ်တမ်းနဲ့အတူ တိုင်ကြားခဲ့တာပါ။

ဒါပေမဲ့ လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ အစည်းအဝေးမှတ်တမ်း အသံဖိုင်နဲ့ စာဖိုင်ကွဲလွဲမှုတွေ ရှိနေလို့ သက်သေကောင်းစွာမစစ်ဆေးဘဲ တိုင်ကြားချက်လက်ခံခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ဟာလည်း ပြင်းထန်စွာ ဝေဖန်ခံခဲ့ရပါတယ်။ 

အခြေခံဥပဒေတရားရုံးဟာလည်း ရွေးကောက်ပွဲ အနိုင်ရသူကို အာဏာမရစေလိုလို့ အမှုကို အချိန်ဆွဲပြီး စစ်ဆေးခဲ့တယ်ဆိုပြီး ဝေဖန်ခံနေရပါတယ်။

ထိမ်းဖိထားဟာ iTV မီဒီယာအမှုကနေ ကင်းလွတ်ခဲ့ပေမဲ့ ဘုရင့်နန်းတွင်းဥပဒေဆိုင်ရာ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် ကြိုးပမ်းမှုဆိုတဲ့ နောက်ထပ်တမှု ရင်ဆိုင်ဖို့  ကျန်ရှိနေပါသေးတယ်။ 

အဆိုပါအမှုမှာ နိုင်ငံတော်အုပ်ချုပ်ရေးဥပ‌ဒေကို ပြုပြင်ပြောင်းလဲဖို့ ကြံစည်မှုကြောင့် ပိုမိုကြီးလေးပြီး အပြစ်ရှိကြောင်း အမိန့်ချမှတ်ခံရပါက နိုင်ငံရေးလောက ကနေ ထုတ်ပယ်ခံရမှာ ဖြစ်သလို Future Forward Party ပါတီဟာလည်း ဖျက်သိမ်းခံရနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013