DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းကို မကူညီပါက ရက်သတ္တပတ်အနည်းငယ်အတွင်း ရုရှားစစ်နိုင်သွားနိုင်ဟု ဘိုင်ဒင် သတိပေး
DVB
·
January 23, 2024
ယူကရိန်းကို မကူညီပါက ရက်သတ္တပတ်အနည်းငယ်အတွင်း ရုရှားစစ်နိုင်သွားနိုင်ဟု ဘိုင်ဒင် သတိပေး
Donate to DVB

ယူကရိန်းကို အမေရိကန်က စစ်ရေးအထောက်အပံ့တွေ ဆက်မပေးဘူးဆိုရင် ရက်သတ္တပတ် အနည်းငယ်အတွင်း ရုရှားစစ်နိုင်သွားနိုင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လွှတ်တော်နှစ်ရပ်ရဲ့ ခေါင်းဆောင်တွေကို အိမ်ဖြူတော်မှာ ခေါ်ယူအသိပေးခဲ့တယ်လို့ NBC ရုပ်သံက ဖော်ပြပါတယ်။

ဇန်နဝါရီ ၁၇ ရက်မှာ သမ္မတက အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်နှစ်ရပ်က ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ခေါင်းဆောင်လေးဦးကို ခေါ်တွေ့ခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေရဲ့ ပြောစကားကို ကိုးကားပြီး ဇန်နဝါရီ ၂၂ ရက်နေ့မှာ NBC ကဖော်ပြပါတယ်။

ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော် လူများစုခေါင်းဆောင် ချက်ရှူးမား၊ ရီပတ်ဘလစ်ကန်ပါတီက အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် မစ်ချ်မက်ကော်နယ်၊ ရီပတ်ဘလစ်ကန်ပါတီက အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်၊ ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဟာကင်ဂျက်ဖရီတို့ကို ဘိုင်ဒင်က အရေးပေါ် ခေါ်ယူညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။

အထက်လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို ဒုတိယသမ္မတက ယူရတာဖြစ်တဲ့အတွက် အထက်လွှတ်တော်မှာ လူများစုခေါင်းဆောင်နဲ့ လူနည်းစုခေါင်းဆောင်က အရေးအပါဆုံး ဖြစ်ပါတယ်။

ရုရှားက အကြီးအကျယ် ထိုးစစ်ဆင်လာမယ်လို့ ခန့်မှန်းထားပြီး အမေရိကန်က ပေးထားတဲ့ အကူအညီတွေသာ ကုန်ခန်းသွားရင် ယူကရိန်းရဲ့ တန်ပြန်တိုက်ခိုက်နိုင်စွမ်း လုံးဝ ပြိုလဲသွားနိုင်တယ်ဆိုတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေရဲ့ တွက်ချက်မှုကို ဘိုင်ဒင်က အသိပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယူကရိန်းအတွက် အကူအညီ ဒေါ်လာ ၆၀ ဘီလီယံဖိုး ပေးအပ်ဖို့ အမေရိကန်အစိုးရက လျာထားပေမဲ့ လွှတ်တော်က ဘတ်ဂျက်ချမပေးတဲ့အတွက် အခက်ကြုံနေတာ ဖြစ်ပါတယ်။

လာမယ့်ရက်သတ္တပတ်တွေအတွင်း ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်နိုင်စွမ်း ကုန်ခန်းတော့မှာ ဖြစ်တယ်လို့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က လွှတ်တော်ခေါင်းဆောင်တွေကို ရှင်းပြခဲ့ပါတယ်။

ပြည်တွင်းရေးဖြစ်တဲ့ ရွှေ့ပြောင်းအခြေချမှုနဲ့ နယ်စပ်လုံခြုံရေး ပြဿနာအတွက် အရင်သဘောတူညီမှုမယူဘဲ ပြည်ပအရေးဖြစ်တဲ့ ယူကရိန်းတို့၊ အစ္စရေးတို့ကို အကူအညီပေးဖို့ မဆွေးနွေးဘူးလို့ အောက်လွှတ်တော် ရီပတ်ဘလစ်ကန် အများစုက သဘောထားရှိပါတယ်။

ဒါပေမဲ့ သဘောထားတင်းမာတဲ့ ရီပတ်ဘလစ်ကန်တချို့ကတော့ အဲဒီလို အပေးအယူပုံစံမျိုးတောင် လက်မခံတဲ့ အရိပ်အယောင် ပြထားတဲ့အတွက် ယူကရိန်းကို အကူအညီပေးရေးဟာ မရေမရာ ဖြစ်နေပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013