DVB Logo
Home
မြန်မာသတင်း
မုံရွာ၊ ဘီးလင်း၊ နတ်တလင်းမြို့နယ်တို့တွင် ဒုရဲအုပ်၊ ပျူစောထီးခေါင်းဆောင်နှင့် ရာအိမ်မှူးတို့ ပစ်သတ်ခံရ
DVB
·
January 23, 2024
မုံရွာ၊ ဘီးလင်း၊ နတ်တလင်းမြို့နယ်တို့တွင် ဒုရဲအုပ်၊ ပျူစောထီးခေါင်းဆောင်နှင့် ရာအိမ်မှူးတို့ ပစ်သတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိဆိုင်တဆိုင်မှာ အမှတ် ၂ ရဲစခန်းက ဒုရဲအုပ်ကျော်ဇင်ဦး လက်ဖက်ရည် လာသောက်နေချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့တာကြောင့် သေဆုံးသွားတယ်လို့ မုံရွာနတ်ဆိုးအဖွဲ့ကနေ သိရပါတယ်။

ဇန်နဝါရီ ၂၁ ရက် မနက် ၈ နာရီ ၄၁ မိနစ်လောက်မှာ မုံရွာမြို့၊ စက်မှုဇုန် ၁ ရပ်ကွက်၊ အေးရိပ်သာလမ်းဘေးရှိ လက်ဖက်ရည်တဆိုင်ကို အမှတ် ၂ ရဲစခန်းက ဒုရဲအုပ် ကျော်ဇင်ဦးဟာ သူ့ရဲ့ဇနီးဖြစ်သူနဲ့ မနက်စာ အတူလာစားနေတဲ့အချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

မုံရွာနတ်ဆိုးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်တဦးက “အရပ်ဝတ်နဲ့ စခန်းကနေ ထွက်လာတာဗျ။ လက်နက်ပါမပါတော့ သေချာမသိဘူး။ ကျနော်တို့လည်း ပစ်ခတ်ပြီး လဲကျသွားတာ မြင်ပြီးတော့ ချက်ချင်း တပ်ပြန်ဆုတ်ခဲ့တော့တာ။ သူ့ရဲ့ဇနီးကိုတော့ ကိုယ်ဝန်ကြီးနဲ့မို့ မပစ်ခတ်ခဲ့ပါဘူး။ အခုကလည်း ရဲဘော်တွေ စောင့်ကြည့်ပြီး သတင်းက ကြိုတင်ရထားပြီးသားမို့ ဝင်ရောက်ပစ်ခတ်ခဲ့တာပါ” လို့ ပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာ အမှတ် ၂ ရဲစခန်းကနေ စစ်သားနဲ့ ရဲအင်အား ၂၀ ကျော်ပါတဲ့ ကား ၄ စီးနဲ့ ရောက်လာပြီး သေဆုံးသွားတဲ့ ဒုရဲအုပ် ကျော်ဇင်ဦးရဲ့ ရုပ်အလောင်းကို လာရောက်ယူဆောင်ပြီး အနီးပတ်ဝန်းကျင်ကို နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့ခံ ကျောင်းသူတဦးက “သေနတ်သံတွေကတော့ ကြားတယ်၊ တိုက်ပွဲဖြစ်နေပြီ ထင်နေတာ။ အမှတ် ၂ နဲ့ အခုဖြစ်သွားတဲ့ လက်ဖက်ရည်ဆိုင်နဲ့ကလည်း သိပ်မဝေးဘူးလေ။ အဲ့တော့ အမှတ် ၂ ကို ဝင်သိမ်းနေပြီ ထင်နေကြတာ။ ကြောက်လို့တောင် အိမ်ထဲက မထွက်ရဲဘူး။ ဖြစ်သွားတဲ့ညကို ဒီစက်မှုဇုန်ထဲ ကင်းတွေပတ်နေတာ အိမ်စီးကားတွေနဲ့။ တချို့အိမ်တွေကိုလည်း ဧည့်စာရင်းစစ်သွားကြသေးတယ်” လို့ ပြောပါတယ်။

ပစ်ခတ်မှုကို မုံရွာခရိုင် အမှတ် ၁ တပ်ရင်း၊ မုံရွာခရိုင် အမှတ် ၂၃ တပ်ရင်းနဲ့ မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်းက ရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဇွဲကလာကျေးရွာမှာလည်း ပျူစောထီးခေါင်းဆောင် အမျိုးသား တဦးကို ဇန်နဝါရီ ၂၂ ရက် ညမှာ သေနတ်သမားတွေက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇုတ်သုတ်ရွာကနေ ဇွဲကလာရွာရှိ နေအိမ်ကို ကားနဲ့ပြန်လာတဲ့ အသက် ၅၀ ဝန်းကျင် ပျူစောထီး ခေါင်းဆောင် ကိုဉာဏ်ထွန်းကို ဇန်နဝါရီ ၂၂ ရက် ည ၇နာရီကျော်က သေနတ်သမားတွေက ပစ်သတ်ခဲ့တာပါ။

သေနတ်နဲ့ပစ်သတ်ခံရမှုကြောင့် ကိုဉာဏ်ထွန်းရဲ့ ဘယ်ဘက်ရင်အုံနဲ့ ညာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်စီ၊ ရင်ညွန့်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့နဲ့ ဆေးရုံပို့တဲ့ လမ်းမှာပဲ သေဆုံးခဲ့ပါတယ်။

ဘီးလင်းဒေသခံတဦးက “သူက ဇုတ်သုတ်ကနေ သူ့အိမ်ကို ကားနဲ့ပြန်လာတဲ့လမ်းမှာ ပစ်သတ်ခံခဲ့ ရတာပါ။ ဖြစ်ဖြစ်ချင်း မသေသေးဘူး ဆေးရုံပို့တဲ့အချိန်မှာ သေသွားတာ။ သူ့ကို ရွာမှာ ကိုပေါ်လို့ ခေါ်တယ်။ အရင်က ကြံ့ခိုင်ရေးပါတီက။ ခုတော့ရွာမှာ သေနတ်ကိုင်ပြီး ခြိမ်းလား၊ ခြောက်လား လုပ်နေတာ” လို့ ပြောပါတယ်။

ကိုဉာဏ်ထွန်းဟာ ‌လက်နက်ကိုင်ပြီး ဒေသခံတွေကို ခြိမ်းခြောက်နေသလို ပျူသင်တန်းဖွင့်ဖို့ပါ လုပ်ဆောင်နေတာကြောင့် စစ်ရေးပစ်မှတ်အဖြစ် ရှင်းလင်းခဲ့တာလို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း-၇၈၀၅ တပ်ခွဲ-၄ က ထုတ်ပြန်ခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၇၈၀၅ တပ်ခွဲ-၄ရဲ့ တာဝန်ရှိသူတဦးက “သူက ရပ်ကွက်ထဲမှာ အရပ်သားတွေကို သေနတ်နဲ့ ခြိမ်းခြောက်တာတွေ လုပ်တယ်။ အခု ရွာနှစ်ရွာကို ပျူစောထူးသင်တန်းပေးဖို့ပါ လုပ်နေတာ။ နောက်ပြီး စစ်တပ်ကိုလည်း သူ့ရွာမှာ လက်နက်ချပေးဖို့ လက်မှတ်ထိုးပြီး တောင်းဆိုထားတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကလည်း ကျိုက်ထိုမြို့နယ် အင်းဝဘဏ်စောင့်စစ်သားတွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း-၇၈၀၅၊ တပ်ခွဲ-၄ က သွားရောက်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့စစ်တဦး သေဆုံးခဲ့ပါတယ်။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းကျေးရွာ အုပ်စု၊ ဆီဆုံကုန်းရွာအလယ် တံတားမှာ ရာအိမ်မှူးအုန်းမြင့်ကို ဇန်နဝါရီ ၂၂ ရက် မနက်က ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်ပစ်ဗုံး နှစ်လုံးလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ ရဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

ဆီဆုံကုန်းကျေးရွာရဲ့ ရာအိမ်မှူး အုန်းမြင့်ဟာ ရွာသားတွေကို မဖြစ်မနေ ပြည်သူ့စစ်ထဲဝင်ရမယ်လို့ ဖိအားပေးနေသူဖြစ်ပြီး ပြည်သူ့စစ်ထဲမဝင်နိုင်သူ‌တွေဆီက တယောက်ကို ငွေကျပ် ၄ သိန်းကနေ ၁၅ သိန်းအထိ တောင်းယူနေတယ်လို့ ဆိုပါတယ်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၂) Phoenix DF ရဲ့ တာဝန်ရှိသူက "အုန်းမြင့်က နတ်တလင်းမှာ ပြည်သူ့စစ်စုဆောင်းဖို့ စစ်ကောင်စီက အမိန့်ပေးကတည်းက အတင်းအကျပ်လုပ်နေတာ။ သူက သူ့အိမ်မှာလည်း အရမ်းနေတဲ့သူမဟုတ်တော့ ကျနော်တို့က သူ့သွားလာလမ်း ကြိုတင်လေ့လာပြီး သွားစောင့်ပစ်တာပါ။ ရွာသားတွေလည်း သူမတရားလုပ်တာကို ခဏခဏတိုင်ကြားတာတွေရှိလို့ အခုလို ရှင်းလင်းလိုက်တာ” လို့ ပြောပါတယ်။

ရာအိမ်မှူးအုန်းမြင့်ကို ရာအိမ်မှူးအဖြစ်က နုတ်ထွက်ဖို့ အကြိမ်ကြိမ်သတိပေးပေမဲ့ မနုတ်ထွက်ဘဲ ရွာသားတွေကို ပီဒီအက်(ဖ်)လို့စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်တာ၊ ပြည်သူ့စစ်ဖွဲ့ဖို့ အတင်းအကျပ် ဖိအားပေး စုဆောင်းတာတွေအပြင် ရွာသားတွေဆီက ငွေညှစ်တာတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013