DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်တွင် တိုက်ပွဲများဖြစ်နေပြီး နေအိမ် ၆၀ ကျော် မီးလောင်ဆုံးရှုံး
DVB
·
January 23, 2024
ကော့ကရိတ်တွင် တိုက်ပွဲများဖြစ်နေပြီး နေအိမ် ၆၀ ကျော် မီးလောင်ဆုံးရှုံး
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ် ၆၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၁ ရက် မနက် ၈ နာရီလောက်က ကော့ကရိတ်မြို့နယ်၊ ဗောဓိဘုန်းကြီးကျောင်းအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး မွန်းလွဲ ၂ နာရီလောက်မှာ နှစ်ဖက်တိုက်ပွဲ ငြိမ်သက်သွားခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေ ၃ နာရီလောက်မှာ အမှတ် ၅ ရပ်ကွက်၊ ကျူလီယာတန်းက စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တလုံးကနေ မီးစတင်လောင်ကျွမ်းခဲ့တာကြောင့် နေအိမ် ၆၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

မြို့ခံတယောက်က “နေအိမ်တလုံးက စပြီးလောင်ရာက ဟိုဘက်ဒီဘက် ကူးတာ။ အိမ်အလုံး ၆၀ ကျော် လောင်သွားတာ။ အိမ်တလုံးပဲ လောင်ရာက မီးသတ်လည်းမရှိ၊ သတ်မယ့်သူတွေကလည်း မရှိတော့ အဲဒီကနေ တဖြည်းဖြည်းကူးတာ” လို့ ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၂ ရက် မနက်က ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့ရုံးအနီး အမှတ် ၃ ဂိတ်၊ လမ်းဟောင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် ချောင်းတောင်အနီးမှာ နှစ်ဖက်ရင်ဆိုင်ထားတယ်လို့ မြို့ခံပြည်သူတွေက ဆိုပါတယ်။

ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး ကော့ကရိတ် မြို့တွင်းမြို့ပြင်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူ ၁ သိန်းနီးပါးဟာ စစ်ရှောင်စခန်း ၁၀၀ နီးပါးမှာ ဒီကနေ့အထိ စစ်ဘေးရှောင်နေရပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ နှစ်ဖက်တိုက်ပွဲတွေအပြင် နေအိမ်မီးလောင်ဆုံးရှုံးမှုတွေနဲ့ပါ ထပ်မံရင်ဆိုင်နေရတယ်လို့ စစ်ရှောင်ပြည်သူတယောက်က ပြောပါတယ်။

“ကျနော်တို့က အိမ်ပြန်ချင်တာပဲသိတယ်။ တချို့ဆို အိုးအိမ်တွေ ဆုံးရှုံးသွားတယ်။ အိမ်ပြန်ကြည့်ချင်တယ်။ နှစ်ဦးနှစ်ဖက်လုံးက မပစ်တော့ဘူးဆိုရင် ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း ပြန်ဝင်နေလို့ရတယ်။ အိုးအိမ်ပိုင်ဆိုင်ဖို့ အိမ်တလုံးရဖို့ဆိုတာက အနှစ်နှစ်အလလ ကြိုးစားခဲ့ရတာ။ ဘယ်သူမဆို ကိုယ့်အိမ်မီးလောင်ပြီဆိုရင် ဘဝကို သုံညကနေ စရမယ့်သဘော ရှိတယ်။ ဒီခေတ်အခါမှာ သုံညကနေစဖို့ မလွယ်ဘူး။”

နှစ်ဖက်တိုက်ပွဲတွေ ရက်ကာလ ကြာမြင့်လာတာနဲ့အတူ စစ်ဘေးရှောင်ပြည်သူတွေဟာ နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

“စစ်ရှောင်တွေက ရက်ကြာလာတော့ နေထိုင်စားသောက်ရေး အခက်အခဲရှိတယ်။ လာလှူတဲ့သူ နည်းနည်းပါးပါးတော့ ရှိတယ်။ ဒါပေမဲ့ အခု တိုက်ပွဲတွေက ကြာလာရင် အခြေအနေ ပိုဆိုးလာမယ်။ မြို့တွင်းမှာ တိုက်ပွဲတွေကဖြစ်နေတော့ ကြာနိုင်တယ်။ အခု မြို့တွင်းမှာလည်း နေအိမ်တွေ တော်တော်များများ မီးလောင်သွားတယ်” စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအခြေအနေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၂၀ နီးပါး ထိမှန်သေဆုံးခဲ့ပြီး နေအိမ် ၁၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013