Home
နိုင်ငံတကာ
ရုရှားစင်းလုံးငှားလေယာဉ် အာဖဂန်မြောက်ပိုင်းတွင် ပျက်ကျ  
DVB
·
January 23, 2024

အာဖဂန်နစ္စတန်မြောက်ပိုင်းမှာ ရုရှားမှတ်ပုံတင် စင်းလုံးငှားလေယာဉ်တစင်း ပျက်ကျခဲ့လို့ လေယာဉ်ပေါ်မှာ လိုက်ပါလာသူ နှစ်ယောက် သေဆုံးသွားပြီး အသက်ရှင် ကျန်ရစ်သူ ၄  ယောက် ကျန်းမာရေးကောင်းတယ်လို့ တာလီဘန်ရဲအရာရှိက ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။

အာဖဂန်နစ္စတန်မှာ ရဲတွေက လေယာဉ်ပျက်ကျမှု သတင်းတွေရအပြီး လူခြောက်ယောက် လိုက်ပါလာရင်း ရုရှားမြို့တော် မော်စကိုဆီသွားတဲ့ လေယာဉ်တစင်းဟာ ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းမှာ အာဖဂန်နစ္စတန်နိုင်ငံအတွင်း ရေဒါဖန်သားပြင်တွေကနေ ပျောက်သွားခဲ့တယ်လို့ ရုရှားလေကြောင်းအာဏာပိုင်တွေက ပြောပါတယ်။

လေယာဉ်ပျက်ကျရာ နေရာကနေ ကယ်ဆယ်နိုင်ခဲ့ပြီးတဲ့နောက် လေယာဉ်မှူးအပါအဝင် အသက်ရှင် ကျန်ရစ်သူ ၄ ယောက်ကို လက်ရှိမှာ ကူညီထောက်ပံ့ထားတယ်လို့ တာလီဘန်အရာရှိက ပြောပါတယ်။

ပျက်ကျတာဟာ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတချို့ကြောင့်ဖြစ်ပြီး ခရီးသည်နှစ်ယောက်ရဲ့ အလောင်းတွေကို လက်ရှိမှာ ကဘူးလ်မြို့ဆီ ပို့နေတယ်လို့ ရဲအရာရှိက ဆက်ပြောပါတယ်။

ဒီလေယာဉ်ဟာ ထိုင်းနိုင်ငံ ပတ္တယားမြို့ကနေ မော်စကိုမြို့တော်ဆီ သီးသန့်ဆေးဘက်ဆိုင်ရာ ကုသဖို့ သယ်ဆောင်တဲ့လေယာဉ်လို့ ဘန်ကောက်မြို့မှာရှိတဲ့ ရုရှားသံရုံးကို ကိုးကားပြီး ရုရှားအစိုးရပိုင် TASS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

လေယာဉ်ဟာ ရေဒါဖန်သားပြင်ကနေ ပျောက်ကွယ်မသွားမီ ၂၅ မိနစ်အလိုမှာ လောင်စာဆီ နည်းလာလို့ တာဂျစ်ကစ္စတန်နိုင်ငံမှာရှိတဲ့ လေဆိပ်တခုမှာ ဆင်းသက်ဖို့ ကြိုးစားမယ်လို့ လေယာဉ်မှူးက သတိပေးခဲ့တဲ့အကြောင်း အမည်မဖော်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ရုရှားသတင်းဌာန SHOT က ဖော်ပြပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024