DVB Logo
Home
နိုင်ငံတကာ
Move Forward ပါတီ ခေါင်းဆောင်ဟောင်း ဖိထားအပေါ် စွဲချက်တင်ထားသည့်အမှု စီရင်ချက်ချမည်
DVB
·
January 22, 2024
Move Forward ပါတီ ခေါင်းဆောင်ဟောင်း ဖိထားအပေါ် စွဲချက်တင်ထားသည့်အမှု စီရင်ချက်ချမည်
Donate to DVB

၂၀၂၃ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်လောင်းဖြစ်လာဖို့ ရေပန်းစားခဲ့တဲ့ Move Forward ပါတီရဲ့ ခေါင်းဆောင်ဟောင်း ဖိထား လိုမ့်ကျရွန်းရတ်ဟာ မီဒီယာကုမ္ပဏီမှာ အစုရှယ်ယာ ပိုင်ဆိုင်မှုအတွက် ရွေးကောက်ပွဲစည်းမျဉ်းကို ချိုးဖောက်မှုစွဲချက်ကို ရင်ဆိုင်နေရပြီး ထိုင်းအခြေခံဥပဒေခုံရုံးက ဒီအမှုကို ဇန်နဝါရီ ၂၄ ရက်မှာ ဆုံးဖြတ်ချက် ချတော့မှာပါ။

လက်ရှိအတိုက်အခံပါတီဖြစ်တဲ့ Move Forward ပါတီကလည်း သူတို့ရဲ့ ခေါင်းဆောင်ဟောင်းဟာ iTV မီဒီယာကုမ္ပဏီရဲ့ အစုရှယ်ယာတွေ ပိုင်ဆိုင်ကြောင်း စွဲချက်တွေကို ရှင်းလင်းနိုင်မယ်လို့ ယုံကြည်ပြီး လွှတ်တော်အမတ်နေရာကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ဇန်နဝါရီ ၂၁ ရက်မှာ ဖြန့်ချိတဲ့ ရုပ်သံထဲမှာ ကြေညာခဲ့ပါတယ်။

iTV ဟာ ရုပ်သံလုပ်ငန်း လုပ်ဆောင်ခွင့်လိုင်စင်ကို အစိုးရက ၂၀၀၇ တည်းက ဖျက်သိမ်းခံထားရလို့ လိုင်စင်မရှိနေပါဘူး။

သတင်းစာ အပါအဝင် ဘယ်လို ပုံနှိပ်ထုတ်ဝေမှုကိုမဆို လုပ်ဖို့ မှတ်ပုံတင်မထားသလို ရုပ်ရှင်၊ ဗီဒီယိုနဲ့ ကြော်ညာထုတ်လုပ်ဖို့လည်း လိုင်စင်မရှိနေပါဘူး။

iTV မှာ ရုပ်သံလုပ်ငန်းကို ဆောင်ရွက်ဖို့ လိုင်စင်ရှိကြောင်းပြဖို့ သက်သေမရှိဘူးလို့လည်း စီမံခန့်ခွဲရေးဆိုင်ရာ တရားရုံးချုပ်က ဆုံးဖြတ်ထားပြီးပါပြီ။

ဖိထားဟာ ဖခင်ရဲ့ သေတမ်းစာကို ဆောင်ရွက်ပိုင်ခွင့်ရှိသူအဖြစ်နဲ့သာ iTV ရဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်တာဖြစ်ပြီး ရှယ်ယာပမာဏကလည်း ရှယ်ယာစုစုပေါင်းရဲ့ ၀ ဒသမ ၃၄၈ သာရှိလို့  ကုမ္ပဏီရဲ့ အကျိုးစီးပွားကို ထိန်းချုပ်နိုင်စွမ်းမရှိဘူးလို့ Move Forward ပါတီက ကိုးကား ဖော်ပြခဲ့ပါတယ်။

ဖိထားဟာ နိုင်ငံရေးရာထူးကနေ ဆိုင်းငံ့ဖို့ တရားရုံးအမိန့်အရ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ ပါတီခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။

အခုတော့ ပါတီတွင်း ယာယီခေါင်းဆောင်ရဲ့ အကြံပေးအရာရှိချုပ်အဖြစ် တာဝန်ယူထားပါတယ်။ သူဟာ တရားရုံးမှာ အမှုကို ရင်ဆိုင်ဖြေရှင်းပြီးရင် ပါတီတာဝန်တွေကို ပြန်လည်ထမ်းဆောင်မယ်လို့ ပါတီက ထုတ်ပြန်တဲ့ ကြေညာချက်ကို ကိုးကားပြီး ထိုင်း PBS သတင်းဌာနက ထုတ်ပြန်ပါတယ်။

ဟားဗတ်တက္ကသိုလ်ဘွဲ့ရ ဖိထားဟာ Grab အငှားယာဉ် အပလီကေးရှင်းရဲ့ အမှုဆောင် အရာရှိဟောင်းဖြစ်ပြီး မနှစ်က ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Move Forward ပါတီကို ဦးဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ် ဖြစ်လာဖို့ လွှတ်တော်အတွင်း မဲပေးပွဲမှာ ၂ ကြိမ် ရှုံးနိမ့်ခဲ့တာပါ။ အစိုးရဖွဲ့နိုင်ဖို့ သူ့ပါတီဟာ ခြေတလှမ်း နောက်ဆုတ်ခဲ့ရပြီး လွှတ်တော်အတွင်း အမတ်နေရာ ဒုတိယအများဆုံးရခဲ့တဲ့ ဖွေ့ထိုင်းပါတီက ဝန်ကြီးချုပ်လောင်း ကိုယ်စားလှယ်ကို လက်ခံခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013