DVB Logo
Home
မြန်မာသတင်း
ကရင်နီဒုက္ခသည်စခန်းတွင် ရေကြီး၊ ၁ ဦးသေ ၁ ဦး ပျောက်ဆုံး
DVB
·
August 28, 2014
ကရင်နီဒုက္ခသည်စခန်းတွင် ရေကြီး၊ ၁ ဦးသေ ၁ ဦး ပျောက်ဆုံး
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ထဲမှာ ခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျချောင်းရေတွေ ၀င်ရောက်လာတဲ့အတွက် လူသေကျေ ပျောက်ဆုံးမှုတွေ ရှိပြီး အိမ်ခြေ ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

သြဂုတ် ၂၆ ရက်နေ့ ည ၉ နာရီကျော်ကနေ ၂၇ ရက်နေ့ မနက်ထိ ဒုက္ခသည်စခန်း ဇုန်ဘီအပိုင်းက ဆေးပေးခန်း၊ စာသင်ကျောင်းနဲ့ အမျိုးသမီးထုဂေဟာအပါအ၀င် အိမ်ခြေ ၁၀၀ ကျော်ထဲကို ရေတွေ ၀င်ရောက်လာပြီး ရုံးသုံးနဲ့ ကျောင်းသုံးပစ္စည်း၊ ဆေးဝါးနဲ့ အိမ်ထောင် ပရိဘောဂတွေ ရွှံ့နွံထဲမှာ ပျက်စီးကုန်တယ်လို့ ကရင်နီစခန်း အမှတ် ၁ က ဒုဥက္ကဋ္ဌ နော်ခူဖောက ဒီဗွီဘီကို ပြောပါတယ်။

Kareni flooding“ဆိုးဆိုးရွားရွား ပျက်စီးသွားတာ ၂၅ အိမ်ရှိတယ်။ နည်းနည်းပါးပါး အလယ်အလတ် ပျက်စီးသွားတာက ၉၈ အိမ်လောက်ရှိတယ်။ ကျောင်းတွေဆိုရင်လည်း ရေတွေဝင်တယ်။ သို့သော် ပျက်ဆီးသွားတာက ၁ ကျောင်းပဲ ရှိတယ်။ အိမ်တလုံးလုံး မျောသွားတာရှိတယ်။ အဘိုးကြီးနဲ့ အဘွားကြီးနေတာ လူကတော့ ဘာမှမဖြစ်ဘူး။”

သေဆုံးသူမှာ အသက် ၄၀ နှစ်ရှိ ဦးတေးရယ် ဖြစ်ပြီး ပျောက်ဆုံးနေသူက အသက် ၅၃ နှစ်ရှိ ဦးတိုးရယ်ဆိုသူဖြစ်ကာ သူတို့ဟာ စခန်းအပြင်ဘက် ကီလို ၂၀ အကွာ နိုင်းစွယ်ကျေးရွာဘက်မှာ လယ်သွားလုပ်ရင်း ရေစီးထဲ မျောပါသွားတာလို့ ဆိုပါတယ်။

စခန်းထဲမှာတော့ လောလောဆယ် ရေကျသွားပေမယ့် ကျန်ရစ်ခဲ့တဲ့ အမှိုက်သရိုက်တွေ ရွှံ့နွံတွေ ရှင်းလင်းနေဆဲမို့ လူပေါင်း ၁၀၀ ကျော် အမြင့်ပိုင်းက နေအိမ်တွေမှာ ခိုလှုံနေရကြောင်း၊ စခန်းအပေါ်ဘက် ဇုန် အေ အပိုင်းမှာတော့ မြေပြိုမယ့်အနေအထားတွေ ရှိနေတဲ့အတွက် အိမ်ထောင်စု ၈ စုကို ရွှေ့ပြောင်းထားတယ်လို့ နော်ခူဖောက ဆက်ပြောပါတယ်။

ရေကြီးမှုကြောင့် ၀က်ခြံတွေလည်း ရေထဲမျောပါသွားပြီး ဆုံးရှုံးမှုစာရင်းကိုတော့ မသိရသေးဘူး လို့ ဆိုပါတယ်။

ဒုက္ခသည်စခန်းမှာ နေထိုင်သူ စိုးရယ်ကလည်း သူတွေ့ကြုံခဲ့တာကို ခုလိုပြောပြပါတယ်။

“မိုးတအားရွာတာ ၂၆ ရက်နေ့ည ၉ နာရီကျော်ကစ ၂၇ ရက်နေ့ မနက်အထိ ရေတွေ ၀င်လာပါတယ်။ တောင်ပေါ်က ရေကျလာတော့ ကျနော်တို့ ဒုက္ခသည်စခန်းအောက် ဘက်မှာ ရှိတဲ့ အိမ်တွေ တချို့ ရေထဲပါသွားတယ်၊ တချို့က ပျက်စီးတယ်။ ပစ္စည်းတွေ ယူချိန်မရဘူး။ အ၀တ် အစားတွေရော၊ မီးဖိုထဲက ဆန်တွေ ဆီတွေ စားစရာတွေ အကုန်ပါသွားတယ်။”

ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ မှာ နေအိမ်စုစုပေါင်း ၃၀၀၀ နီးပါး ရှိပါတယ်။

မန်နေဂျာအွန်လိုင်းထိုင်းသတင်းမှာတော့ မယ်ဟောင်ဆောင်ခရိုင် ပန်မူကျေးရွာအုပ်စု နိုင်းဆွယ်ဒုက္ခသည်စခန်းမှာ ရေကြီးနေတဲ့အကြောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးက ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးက သြဂုတ် ၂၇ ရက်နေ့ မနက်မှာ အကြောင်းကြားခဲ့လို့ စစ်တပ်၊ အုပ်ချုပ်ရေးရုံးတာဝန်ရှိသူနဲ့ ကယ်ဆယ်ရေးလုပ်သားတွေ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ကနဦးမှာ လူ ၄ ဦးပျောက်ဆုံးနေပြီး လိုက်လံရှာဖွေရာမှာ အသက် ၄၀ နှစ်ရှိ နိုင်းတေးကို သူ့ရဲ့လယ်စောင့်တဲနဲ့ ၁ ကီလိုမီတာအကွာ လျှိုတခုထဲမှာ သစ်ကိုင်းအောက်တွေကနေ အလောင်းအဖြစ် မနက် ၁၁ နာရီခွဲမှာ ပြန်တွေ့ခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေက သတင်းထောက်တွေကို ပြောပါတယ်။

ပျောက်ဆုံးနေသူ နိုင်းချောနဲ့ နိုင်းပူလဲ တို့ ၂ ဦးကတော့ သြဂုတ် ၂၇ ရက်နေ့မှာပဲ တောင်ကုန်းပေါ်ကနေ သူတို့ဖာသာ ပြန်ဆင်းလာကြောင်း လောလောဆယ် ကယ်ဆယ်ရေး လုပ်သားတွေက အသက် ၅၃ နှစ်အရွယ်ရှိ နိုင်းတိုးကို ပျောက်ဆုံးသွားတဲ့နေရာနဲ့ ၅ ကီလိုမီတာတ၀ိုက်မှာ ရှာဖွေနေဆဲပဲလို့ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013