ကိယက်ဗ်မြို့ကို ရုရှားက ဘယ်လစ်စတစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ယူကရိန်းက ထုတ်ပြန်ပါတယ်။
ဘယ်လစ်စတစ်ဒုံးကျည်တွေ၊ ဒရုန်းတွေ သုံးပြီး တိုက်ခိုက်မှုကြောင့် လူ ၂၂ ယောက်ထက်မနည်း ဒဏ်ရာရပြီး ၁၄ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ ကိယက်ဗ်မြို့တိုက်ခိုက်မှုဟာ ဒီနှစ်အတွင်း ကိယက်ဗ်မြို့မှာ ရုရှားတိုက်ခိုက်မှုကြောင့် သေဆုံးမှုအများဆုံး ဖြစ်လာပါတယ်။
အင်္ဂါနေ့ညသန်းခေါင်ကျော်မှာ တိုက်ခိုက်မှုတွေ လုပ်ခဲ့တာဖြစ်ပြီး ကိယက်ဗ်မြို့ဟာ ရန်သူတွေရဲ့ ကြီးမားတဲ့တိုက်ခိုက်မှုနဲ့ ထပ်ပြီး ရင်ဆိုင်ခဲ့ရတယ်လို့ ကိယက်ဗ်စစ်အုပ်ချုပ်ရေးအကြီးအကဲ တက်ချန်ကိုက ပြောပါတယ်။
ရုရှားရဲ့ လေကြောင်းသတိပေးချက်တွေ ၁ နာရီကျော်ပြုလုပ်ခဲ့ပြီး လူနေအဆောက်အအုံတွေ၊ ကုန်သိုလှောင်ရုံတွေ ပျက်စီးခဲ့တယ်လို့လည်း ကိယက်ဗ်စစ်အုပ်ချုပ်ရေးက ပြောပါတယ်။
ဘယ်လစ်စတစ်ဒုံးတွေ ကြားဖြတ်ဟန့်တားနိုင်ဖို့ အမေရိကန်လုပ် ပက်ထရီရော့ဒုံးတွေ ပိုပြီး လိုအပ်တဲ့အကြောင်း မဟာမိတ်တွေကို ယူကရိန်းက တိုက်တွန်းထားခဲ့ပြီးနောက် ဘယ်လစ်စတစ်ဒုံးသုံးပြီး တိုက်ခိုက်မှုတွေ များလာတာပါ။
ကိယက်ဗ်မြို့ကို ထောက်ပံ့ပေးနေတဲ့ အဓိကနေရာတွေနဲ့ ကိယက်ဗ်မြို့ဘေးက ဒေသတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
စစ်ဘက်ဆိုင်ရာ လက်နက်တွေ ထုတ်လုပ်မှုနဲ့ ပို့ဆောင်မှုတွေလုပ်နေတဲ့ အဓိကနေရာတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကုန်သယ်သင်္ဘော ၃ စင်းကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက ထုတ်ပြန်ထားပါတယ်။
ယူကရိန်းက ရုရှားနိုင်ငံရှိ စွမ်းအင်အဆောက်အအုံတွေ အပါအဝင် လူနေအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တာကြောင့် ကိယက်ဗ်မြို့ကို ရုရှားရဲ့ တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာတာပါ။
ယူကရိန်းရဲ့ တိုက်ခိုက်မှုကြောင့် အင်္ဂါနေ့မှာ မော်စကိုမြို့အတွင်း ကုန်လှောင်ရုံမှာ လူ ၅ ယောက် သေခဲ့ပြီး ၁၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုမတိုင်မီ ကရက်နိုဒါတောင်ပိုင်းကမ်းခြေမှာ ယူကရိန်း ဒရုန်းတိုက်ခိုက်မှုကြောင့် ၇ ယောက် သေပြီး ၅၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရုရှားက ထုတ်ပြန်ထားပါတယ်။
ယူကရိန်းနဲ့ ရုရှားတို့ဟာ ဒီတပတ်အတွင်း အပြန်အလှန်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပေမဲ့ အရပ်သားတွေ ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မလုပ်ခဲ့ဘူးလို့ နှစ်ဖက်စလုံးက ငြင်းဆိုထားပါတယ်။










