
ထိုင်း-မြန်မာနယ်စပ် ထန်ဟင်းဒုက္ခသည်စခန်းက နေရပ်ဇာတိပြန်လိုတဲ့ ဒုက္ခသည်တွေ ကို နေရာချထားဖို့ မြေနေရာ ပြင်ဆင်ပေးထားတယ်လို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။
[caption id="attachment_63495" align="alignright" width="300"]
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းအား မြင်တွေ့ရစဉ်[/caption]ထန်ဟင်းဒုက္ခသည်စခန်းဟာ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြတဲ့ ထိုင်း- မြန်မာနယ်စပ်တကြောက ဒုက္ခသည်စခန်း ၉ ခုအနက် ထိုင်းနိုင်ငံ ရက်ဘူရီခရိုင်မှာ တည်ရှိတဲ့ စခန်း ဖြစ်ပါတယ်။ ထန်ဟင်း ဒုက္ခသည်စခန်းမှာ အိမ်ခြေ ၁၄၀၀ နီးပါးရှိပြီး ဒုက္ခသည် ၆ ထောင်ကျော် ခိုလှုံနေထိုင်ပါတယ်။
အဲဒီစခန်းကို ကိုယ်တိုင် သွားရောက်လေ့လာခဲ့တဲ့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောဟာရီက ဒုက္ခသည် ၇၅ ရာခိုင်နှုန်းဟာ အိမ်ပြန်လိုတဲ့ ဆန္ဒရှိကြတယ်လို့ ပြောဆိုပြီး သူတို့ ပြန်လာရင် နေထိုင်ဖို့ မြေနေရာ ၂ ခု ပြင်ဆင်ထားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒုက္ခသည်တွေကို နေရာချထားပေးဖို့ တနင်္သာရီမြို့နယ် နယ်စပ်ဂိတ် မောတောင်နဲ့ ထားဝယ်မြို့နယ် မေတ္တာ ထီးခီးတကြောမှာ တနေရာ စတဲ့နေရာ ၂ ခုကို ရွေးချယ်ထားတယ်လို့ ပြောပါတယ်။
“တနင်္သာရီမြို့နယ် နယ်စပ်ဂိတ် မောတောင်မှာ တနေရာ၊ ထားဝယ် မြစ်သာ အရှေ့ဘက်မှာ တနေရာလုပ်ဖို့ စိတ်ကူးထားတယ်။ နေရာကတော့ ရှာဖွေတုန်းပဲ။”
လက်ရှိမှာ ဒုက္ခသည်လာရင် ကူညီပေးဖို့နဲ့ ပြန်လည်နေရာချထားရေးအဖွဲတွေ့ ဖွဲ့စည်းထားတယ်လို့လည်း ပြောပါတယ်။
ဒါပေမယ့် တကယ်ဒုက္ခသည်တွေပြန်လာရင် နေထိုင်ဖို့အဆောက်အဦနဲ့ စားဝတ်နေရေး အလုပ်အကိုင်တွေအတွက် တိကျတဲ့ စီမံကိန်း မရှိသေးပါဘူး။
ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဟာရီ က “ဒုက္ခသည်တွေ ပြန်လာရင် လက်ခံနိုင်အောင် နေရာချထားရေးအဖွဲ့တွေ ဖွဲ့ထားပါတယ်။ သူတို့ ပြန်လာခဲ့လို့ရှိရင် အန်ဂျီအို အဖွဲ့တဖွဲ့ဖွဲ့ကို အကူအညီတောင်းပြီးတော့ အကူအညီတောင်းပြီး စားဝတ်နေရေးအတွက် ပြင်ဆင်ဖို့ ရှိပါတယ်”လို့ ပြောပါတယ်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးတင်သိန်းကလည်း ဒုက္ခသည်တွေ ပြန်ရင်တော့ အစိုးရက ကူညီပေးမယ်လို့ ပြောပါတယ်။
“သူတို့လာရောက်နေထိုင်ရင် ကျနော်တို့က မြေနေရာချထားဖို့ အစီအစဉ်ရှိပါတယ်။ အများအားဖြင့် အဲဒီကို ပြန်လာတဲ့ သူတွေက သူတို့မိသားစုတွေက သက်ဆိုင်ရာ ကျေးရွာတွေမှာတော့ ရှိမှာပေါ့။ သူတို့ကျေးရွာတွေကို ရောက်ရင် အန်ဂျီအို အဖွဲ့တွေနဲ့ ပေါင်းစပ်ပြီး ၀ိုင်းဝန်းကူညီဖို့ ရှိပါတယ်။ သူတို့မလာပဲနဲ့ ကျနော်တို့က အဆောက်အဦ ဆောက်လို့မရဘူး။”
ဒါပေမယ့် တိကျတဲ့ ကူညီမှုအစီအစဉ်တော့ ပြောဆိုထားမှုမရှိပါဘူး။
ထန်ဟင်းဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောရေမွန်ဘူးကတော့ ဒုက္ခသည်တွေအနေနဲ့ အခုချက်ချင်းပြန်သွားဖို့ အစီအစဉ် မရှိသေးကြောင်း ပြောပါတယ်။
ဒါပေမယ့် ဒုက္ခသည်တွေ ပြန်ရင် နေဖို့မြေနေရာကို ရွေးချယ် သတ်မှတ်တဲ့နေရာမှာလည်း ကိုယ်တိုင်ပါဝင်ခဲ့တယ်လို့ ပြောပါ တယ်။
ထန်ဟင်း ဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောရေမွန်ဘူး က “ကျနော်တို့ အခုတော့ မပြန်သေးဘူး။ ဒါပေမယ့်တခုတော့ ရှိတယ်။ နေရာတော့ ရှာထားတယ်။ ကျနော်တို့ မရှာထားရင် ကုမ္ပဏီတွေ ၀င်တယ်။ ၀င်ပြီး မြေတွေ လုလုပြီး ကုန်သွားရော။ ကျနော်တို့ သက်သက်နေရာတခု ရှာထားတာပဲ ရှိတယ်။ ပြန်ဖို့ အစီအစဉ်မရှိသေးဘူး”လို့ ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်စခန်း ၉ ခုမှာ လူပေါင်း ၁ သိန်းခွဲနီးပါး ခိုလှုံနေကြတာ ဆယ်စု နှစ်နဲ့ချီ ရှိပြီ ဖြစ်ပါတယ်။











