DVB Logo
Home
မြန်မာသတင်း
ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်းကြား ပြဿနာကို ညှိနှိုင်းဆွေးနွေး အဖြေရှာရန် တိုက်တွန်း
DVB
·
January 21, 2024
ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်းကြား ပြဿနာကို ညှိနှိုင်းဆွေးနွေး အဖြေရှာရန် တိုက်တွန်း
Donate to DVB

ချင်းတော်လှန်ရေးအစုအဖွဲ့တွေအချင်းချင်းကြားမှာ ဖြစ်ပေါ်နေတဲ့တင်းမာမှုနဲ့ ပြဿနာတွေကို ညှိနှိုင်းဆွေးနွေးတဲ့နည်းလမ်းနဲ့ အဖြေရှာကြဖို့  ချင်းလူထုလှုပ်ရှားမှု Chin Civic Movement က တိုက်တွန်းလိုက်ပါတယ်။

ပထမအကြိမ် ချင်းပြည်(Chinland) ကောင်စီညီလာခံကို ၂၀၂၃ ဒီဇင်ဘာ ၄ ရက်ကနေ ၇ ရက်နေ့အထိ Victoria Base (Chinland) မှာ ပြုလုပ်ခဲ့ပြီး ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီဇင်ဘာ ၆ ရက်နေ့မှာ အတည်ပြုထုတ်ပြန်ခဲ့တာပါ။

ချင်းပြည်ကောင်စီကိုလည်း ဒီဇင်ဘာ ၆ ရက်မှာပဲ အတည်ပြုဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး ချင်းပြည်လွှတ်တော်၊ ချင်းပြည်အစိုးရအဖွဲ့နဲ့ ချင်းပြည်တရားလွှတ်တော်ချုပ်တို့ကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမယ်လို့ ချင်းပြည်ကောင်စီညီလာခံက ကြေညာခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ချင်းပြည်ဒေသခံ တော်လှန်ရေးလက်နက်ကိုင်အစုအဖွဲ့တွေအကြားမှာ သဘောထား မတိုက်ဆိုင်မှုတွေဖြစ်ပွားခဲ့ပြီး အချိန်တလကျော်ကြာချိန်အထိ တင်းမာမှုတွေ ဆက်ရှိနေခဲ့ပါတယ်။

ဒီအခြေအနေမှာ လက်နက်ကိုင်အင်အားစုတွေက ဒေသတွင်းပြည်သူတွေကိုထောက်ထားဖို့နဲ့ အဖွဲ့တွေ အချင်းချင်း အပြန်အလှန်လေးစားမှုထားကြဖို့ ချင်းအရပ်ဖက်အဖွဲ့ ၃၉ ဖွဲ့က ချင်းလူထုလှုပ်ရှားမှု Chin Civic Movement အဖြစ် ဇန်နဝါရီ ၁၉ ရက်မှာ တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပါတယ်။

ချင်းအမျိုးသမီးအရပ်ဘက်အဖွဲ့ကိုယ်စားလှယ်တဦးက “ခုတ်ရာတခြား ရှရာတခြားတွေ ဖြစ်ကုန်ကြမယ်၊ ဒါကြောင့်မို့လို့ သတိချပ်ပြီးတော့ သတိလွတ်သွားခဲ့သည်ရှိသော် ဒါလေးတွေကို ပြန်စဉ်းစားကြပါဆိုတာလေးကို တိုက်တွန်းချင်တဲ့သဘောပါ။ အပြန်အလှန် လေးစားမှုဆိုတာက ကြားထဲမှာ ဘယ်သူက မြေစာပင်ဖြစ်သွားမှာလဲဆိုတော့ ကျမတို့ ချင်းလူထုတွေပဲ မြေပြင်မှာ မြေစာပင်ဖြစ်သွားပြန်ရော။ အရပ်သားအုပ်ချုပ်မှု အရပ်သားအဓိက အရပ်သားသည်ပထမ အရပ်သားသည်နောက်ဆုံးပဲဆိုတာကို ဦးထိပ်ထားပြီးတော့ သွားဖို့လည်း ပါးစပ်ကလေးနဲ့ သွားလို့မရဘူးပေါ့နော်၊ တော်လှန်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာလည်း ဒါမေ့သွားကြမှာစိုးလို့  တိုက်တွန်းထားတဲ့ သဘောလေးပါ"လို့ ပြောပါတယ်။

သဘောထားမညီညွတ်မှုတွေဟာ နိုင်ငံရေးဦးဆောင်လမ်းကို ဝေဝါးစေပြီး တော်လှန်ရေးကို ကြန့်ကြာစေနိုင်တာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူညီမျှမှုကို ပြဋ္ဌာန်းမယ့် ဖွဲ့စည်းပုံရေးဆွဲတာနဲ့ အတည်ပြုတဲ့ကိစ္စတွေမှာ ညှိနှိုင်းဆောင်ရွက်တဲ့နိုင်ငံရေးစနစ်ကို မျိုးစေ့ချ ဆောင်ရွက်စေချင်တာ၊ သဘောထားမတူညီတဲ့ အင်အားစုတွေကို ချန်လှပ်ထားတာ၊ နိုင်ငံရေးအရ လက်ဦးမှုရယူတာထက် အချင်းချင်းညှိနှိုင်း အသိအမှတ်ပြုတန်ဖိုးထားတာ စတာတွေကို ညှိနှိုင်းဖို့ အချက် ၄ ချက်ခွဲပြီး Chin Civic Movement က တိုက်တွန်းထားပါတယ်။

ချင်းပြည်ဖွဲ့စည်းပုံကို အတည်ပြုခဲ့တာနဲ့ ချင်းပြည်ကောင်စီ ဖွဲ့စည်းခဲ့တဲ့အပေါ် ချင်းတော်လှန်ရေး အစုအဖွဲ့တွေကြားမှာ စစ်ရေးနဲ့ နိုင်ငံရေးပဋိပက္ခဆီကို ဦးတည်စေနိုင်တဲ့ အခြေအနေတွေကို တွေ့ရတဲ့အတွက် ချင်းပြည်သူလူထုရဲ့ဆန္ဒနဲ့ အာဏာရှင်စနစ်ဖြုတ်ချရေး ရည်မှန်းချက်ကို ရှေးရှုပြီး ညှိနှိုင်းကြဖို့ တိုက်တွန်းတာဖြစ်တယ်လို့ လှုပ်ရှားမှုဦးဆောင်သူတွေက ပြောပါတယ်။

Chin Civic Movement ပြောခွင့်ရှိသူတဦးက "အချင်းချင်းကြားထဲမှာ ပွတ်တိုက်မှုက သေချာ မထိန်းကြရင် လက်ညှိုးကွေးတာ ဒီလိုဟာမျိုးဖြစ်လာမှာကို ကျနော်တို့ အင်မတန်မှ စိုးရိမ်ပါတယ်။ လက်နက်ကိုင်ထားတဲ့ တော်လှန်ရေးညီအစ်ကိုမောင်နှမအားလုံးကို ကျနော်တို့ အင်မတန်မှ လေးစားတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကိုလည်း ကျနော်တို့ မြတ်နိုးတယ်၊ အားပေးတယ်။ သို့သော် အချင်းချင်းကြားထဲမှာတောာ့ သေနတ်ဖောက်မှာ ကျည်ပေါက်မှာတော့ အင်မတန်မှ စိုးရိမ်ပါတယ်။ ချင်းမှာက အစိုးရနှစ်ဖွဲ့လို ပုံစံမျိုးတောင်မှ မြင်ရနိုင်တဲ့အ နေအထားမျိုး ဖြစ်တဲ့အခါကြတော့ ဒီလိုဟာမျိုးမဖြစ်ဖို့ ပထမဦးဆုံး ဆွေးနွေးညှိနှိုင်းကြဖို့ ဖြစ်ပါတယ်။ ဒုတိယ အနေနဲ့ကတော့ တဖက်နဲ့တဖက် တင်းမာတဲ့ကိစ္စတွေ ဘယ်သူကတော့ ဖြတ်သန်းမသွားလာဖို့ နဂိုကတော့ သဘောတူညီချက်တွေရှိတယ်။ ဒါပေမဲ့ သဘောတူညီချက်ရှိသော်ငြားလည်းပဲ ဖောက်ဖျက်တယ်ဆိုတဲ့ကိစ္စတွေ ရှိကြတယ်၊ ဒါမျိုးတွေ ကြားရ မြင်ရတယ်၊ အဲဒါမျိုးတွေ တတ်နိုင်သလောက် ကျနော်တို့ ညှိနှိုင်းအဖြေရှာကြဖို့ ဆိုတဲ့ဟာမျိုးကို တိုက်တွန်းချင်ပါတယ်။"

Chin Civic Movement မှာ သပိတ်လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်သူတွေ၊ ကျောင်းသား အင်အားစုတွေ၊ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေ၊ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေ၊ ချင်းအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်ပရောက် ချင်းပညာတော်သင်လူငယ်တွေက ဖော်ဆောင်နေတာဖြစ်ပါတယ်။

ချင်းအရပ်သားပြည်သူတွေ အရေး ဦးစားပေးဆောင်ရွက်တဲ့ Chin Civic Movement မှာ လက်နက်ကိုင် မဟုတ်တဲ့ ဒေသတွင်း အစုအဖွဲ့တွေအားလုံး ပူးပေါင်းပါဝင်ကြဖို့လည်း လှုပ်ရှားမှုမှာ ဦးဆောင်သူတွေက တိုက်တွန်းထားပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013