DVB Logo
Home
မြန်မာသတင်း
နွေစပါးစိုက်ချိန် စက်သုံးဆီနှင့်မြေသြဇာဈေးမြင့်တက်နေသဖြင့် ဧရာဝတီတောင်သူများ အခက်အခဲဖြစ် 
DVB
·
January 19, 2024
နွေစပါးစိုက်ချိန် စက်သုံးဆီနှင့်မြေသြဇာဈေးမြင့်တက်နေသဖြင့် ဧရာဝတီတောင်သူများ အခက်အခဲဖြစ် 
Donate to DVB

ဧရာဝတီတိုင်းမှာ နွေစပါးစိုက်မယ့်အချိန် စက်သုံးဆီဈေးနဲ့ ဓာတ်မြေသြဇာဈေးနှုန်းတွေ တဟုန်ထိုး မြင့်တက်နေတာကြောင့် ဒေသခံတောင်သူတွေ  ဒီနှစ် နွေစပါးထွန်ယက်စိုက်ပျိုးဖို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ 

နွေစပါး စိုက်ပျိုးမယ့် ဇန်နဝါရီလအတွင်း ဒီဇယ်ဆီဈေးနှုန်းတွေ အရင်ကထက် လေးဆခန့် မြင့်နေတာ၊ စက်သုံးဆီဝယ်တဲ့အခါ လိုသလောက် မရဖြစ်နေတာကြောင့် စပါးစိုက်ပျိုးရာမှာ ပိုပြီး အခက်ကြုံနေရတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်က လယ်သမား ၁ ဦးက် “စက်သုံးဆီက အရင်ပြီးခဲ့တဲ့ မိုးစပါးတွေ  ရိတ်သိမ်းတဲ့ အချိန်ကထက်တောင်ပိုပြီး ဈေးတက်နေတာ။ ပိုက်ဆံလေး ရှာဖွေပြီး ဝယ်မယ်လုပ်တော့လည်း လိုသလောက် ဝယ်မရတော့ဘူး။ လုံးဝ ဝယ်မရတဲ့ နေ့တွေတောင် ရှိလာတယ်။ ဒီလို အခက်အခဲတွေကြောင့် အခုအချိန်အထိ စပါးစိုက်ဖို့ ဘာမှ မလုပ်ရသေးဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် လယ်ယာစိုက်ပျိုးရာမှာ အဓိက အသုံးပြုရတဲ့ ပိုးသတ်ဆေး ဓာတ်မြေသြဇာ၊ ပေါင်းသတ် ဆေးနဲ့ မှိုသတ်ဆေးဈေးနှုန်းက အရင်နှစ်တွေကထက် ဈေးနှုန်းတွေ လေးဆကျော် မြင့်တက်နေပြီး မိုးစပါးစိုက်ပြီးလို့ ရိတ်သိမ်းခဲ့ချိန်တုန်းကလည်း အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။ 

ဘိုကလေးမြို့နယ်က လယ်သမားတဦးက “စက်သုံးဆီဈေးတွေပဲ တက်လာတာ မဟုတ်ဘူး။ စိုက်ပျိုးရေးအတွက် သုံးတဲ့ဆေးတွေကလည်း အကုန်ဈေးတက်ကုန်တာ။ အရင် ၂ နှစ်ထက် ယှဉ်တဲ့အခါ တော်တော်လေးကို ဈေးတက်သွားတာ။ အရင်က ပုလဲ မြေသြဇာတအိတ် ကျပ် ၄၅,၀၀၀ ပဲ အမြင့်ဆုံးဈေးရှိခဲ့တာ။ အခုတအိတ် ၁၈၀,၀၀၀ တဲ့။ အခုက လေးဆလောက်အထိကို တက်လာတာ။ ဈေးတွေ တက်နေတော့ စပါးဧက လျော့စိုက်တော့မယ်လို့ ဆုံးဖြတ်ထားတယ်” လို့ ပြောပါတယ်။ 

ဧရာဝတီတိုင်းမှာတော့ လက်ရှိစက်သုံးဆီဈေးနှုန်းမှာ အောက်တိန်း (92) တလီတာကို ၃၅၀၀ ကျပ်၊ အောက်တိန်း (95) တလီတာကို ၄၀၀၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) တလီတာကို ၃၂၀၀ ကျပ်၊ ပရီမီယံဒီဇယ်(ပရီမီယံ)တလီတာကို ၃၅၀၀ ကျပ် ဈေးရှိနေပြီး တရက်နဲ့ တရက် ဈေးနှုန်းမြင့် တက် လာတယ်လို့လည်း သိရပါတယ်။ 

ပုသိမ်မြို့က စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “စက်သုံးဆီတွေက ခွဲတမ်းနဲ့ ရောင်းနေရတာပါ။ အဲဒါကြောင့် စပါးစိုက်တောင်သူတွေ စက်နဲ့ထွန်နေရတဲ့သူတွေ အဆင်မပြေတော့ဘူး။ တောင်သူတွေက လယ်ထွန်စက်တွေ မောင်းဖို့ ဆီတွေကို ဝယ်ပြီဆိုရင် ပေပါလိုက်ဝယ်ရတာ။ အခုက အကန့်အသတ်နဲ့ဝယ်နေရတော့ အခက်အခဲရှိတယ်။ ကျနော်တို့ကလည်း တဆင့်ပြန်ရောင်းသူတွေမို့ အခက်အခဲတွေရှိပါတယ်” လို့ ပြောပါတယ်။ 

ဧရာဝတီတိုင်းဟာ မြန်မာနိုင်ငံမှာ စပါးစိုက်ပျိုးမှုအများဆုံး တိုင်းဒေသကြီးဖြစ်ပြီး လယ်သမား အများစုဟာ သွင်းအားစစရိတ် ဈေးနှုန်း မြင့်တက်နေလို့ စိုက်ပျိုး စရိတ်နဲ့ ဘဏ်ချေးငွေတွေကို  ပြန်ဆပ်ဖို့ အကျပ်အတည်းဖြစ်နေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013