DVB Logo
Home
မြန်မာသတင်း
တနင်္သာရီနှင့် ခင်ဦးတွင် စစ်တပ်စစ်ကြောင်းထိုးနေသဖြင့် ပြည်သူသောင်းချီ တိမ်းရှောင်နေရ
DVB
·
January 19, 2024
တနင်္သာရီနှင့် ခင်ဦးတွင် စစ်တပ်စစ်ကြောင်းထိုးနေသဖြင့် ပြည်သူသောင်းချီ တိမ်းရှောင်နေရ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာမှာ အခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားလာနိုင်တာကြောင့် ကျေးရွာနေ ပြည်သူအများအပြား နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

တိုက်ပွဲဖြစ်လာနိုင်လာကြောင့် ညောင်ပင်ကွင်းရွာ အရှေ့ကမ်းဘက်မှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေထဲက လူဦးရေတဝက်ကျော်လောက် ဘေးလွတ်ရာဒေသကို ထွက်ပြေးတိမ်းရှောင်ကုန်ကြတာဖြစ်ပြီး စစ်ကောင်စီရဲ့ ခမရ ၅၆၁ တပ်ရင်း တည်ရှိတဲ့ ညောင်ပင်ကွင်းရွာ အနောက်ကမ်းမှာလည်း ဘေးလွတ်ရာကို ပြောင်းရွေ့ကုန်ကြတဲ့သူတွေ ရှိတယ်လို့ ပြောပါတယ်။

‌ကျေးရွာနေပြည်သူတဦးက “ညောင်ပင်ကွင်းအရှေ့နဲ့ အနောက်က တံတားတခုပဲ ခြားတာပါ။ ရွာထဲမှာတော့ ၃ ပုံ ၂ ပုံလောက်တော့ ပြောင်းပြီးနေကြတယ်။ အနောက်ကမ်းမှာတော့ တံတားနဲ့နီးတဲ့ အိမ်တွေတော့ ထွက်ပြေးကြတယ်။ ရွာအနောက်ကမ်းမှာက အိမ်ခြေ ၈၀၀ ကျော်ရှိတယ်။ အခြေအနေတွေ ထပ်ဆိုးဖို့ပဲရှိတယ်” လို့ ပြောပါတယ်။

စစ်ရေးတင်းမာနေတဲ့ ညောင်ပင်ကွင်းကျေးရွာမှာ လက်ရှိ ခန့်မှန်းခြေအရ အိမ်ခြေပေါင်း ၂,၀၀၀ နီးပါးအထိ ရှိနိုင်တယ်လို့ ရွာခံ အမျိုးသမီးတဦးရဲ့ ပြောပြချက်အရ သိရပြီး ကျေးရွာရဲ့ အရှေ့ကမ်းနဲ့ အနောက်ကမ်းတို့ကို ဖြတ်သန်းသွားလာဖို့ ဆက်သွယ်ထားတဲ့ တံတားတစင်း ရှိပါတယ်။

ညောင်ပင်ကွင်းကျေးရွာ အခြေစိုက် ခမရ ၅၆၁ တပ်ရင်းနဲ့ တံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တို့ကို ပြည်သူ့ကာကွယ်ရေး ပူးပါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်တဲ့ ဇန်နဝါရီ ၁၆ ရက်ကစပြီးတော့ တပ်ရင်းအနီးတဝိုက်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က လှုပ်ရှားမှု‌တွေ ရှိ‌‌နေတာလို့ ပြောပါတယ်။

“ဟိုဘက်ကလည်း လက်နက်မချဘူး။ PDF ဘက်ကလည်း ပြန်မဆုတ်ခွာပေးသေးဘူး။ အရှေ့ ၂ ရက်လောက်ကတော့ တိုက်ပွဲအကြီးအကျယ်ဖြစ်ပြီး လက်နက်ကြီး အရမ်းထုတာ။ တိုက်ပွဲဖြစ်ပြီး ၂ ရက်လောက်ကြာမှာတော့ စစ်တပ်ဘက်က လက်နက်ကြီးရော သေနတ်ရော ပစ်တာ ထုတာတို့ လုံးဝမရှိခဲ့ဘူး။ အခုလိုငြိမ်နေတာ အကြောင်းရှိလို့ပဲထင်တယ်။”

အဆိုပါနေ့က ခမရ ၅၆၁ တပ်ရင်း တိုက်ခိုက်ခံရပြီးနောက် အဲဒီတပ်ရင်းကနေ တံတားတဖက်မှာရှိတဲ့ ညောင်ပင်ကွင်းရွာ အရှေ့ကမ်းကို လက်နက်ကြီး အချက်ပေါင်း ၃၀ ကျော်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရွာခံအမျိုးသားတဦးနဲ့ အမျိုးသမီးတဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့တယ်လို့လည်း သိရပါတယ်။

အခုနှစ် ဇန်နဝါရီလ ပထမပတ်ကလည်း တနင်္သာရီမြို့နယ် ရေဖြူကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ရေဖြူရွာထဲ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တဲ့အတွက် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရတဲ့ဖြစ်စဥ် ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဇန်နဝါရီ ၁၈ ရက်က စကစ အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၁၀ ရွာလောက်က ပြည်သူ ၇၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၉၀ ဝန်းကျင်လောက်ပါ စစ်ကြောင်းတကြောင်းက ခင်ဦးမြောက်ဘက်ခြမ်း ပိတောက်ကုန်း၊ မဒေါင်းလှ၊ ပေါက်တော၊ ပေကုန်း၊ သရက်ကန် စတဲ့ရွာတွေကို စစ်ကြောင်းထိုးနေပါတယ်။

နောက်စစ်ကြောင်းတကြောင်းက ရွှေဘိုလေ့ကျင့်ရေး ၈ မှ အင်အား ၉၀ ဝန်းကျင်နဲ့ ဖုတ်ကုန်း၊ ရေအေးကုန်း၊ သံဘို၊ ချောင်းဆုံ၊ မကျီးတုံ၊ ခင်ဦး၊ ငှက်ပျောရွာ စတဲ့ရွာတွေမှာ စစ်ကြောင်းထိုးနေပါတယ်။

ရွှေဘိုက လာတဲ့စစ်ကြောင်းကို ဇန်နဝါရီ ၁၇ ရက်က သံဘိုရွာတောင်ဘက် ရေမိုးအောင်ဘုရားကုန်းအနီးမှာ မိုင်းဘီလူး ဒေသကာကွယ်ရေးအဖွဲ့ (ပကဖ) တွေက မိုင်းဆွဲတိုက်ခိုက်ရာ မိုင်းထိပြီး ဖုတ်ကုန်းရွာမှ G3 ကိုင် ပျူစောထီး တင်ဆန်း (အဘ ဦးတင်ဝင်း) နဲ့ စစ်သား ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖုတ်ကုန်းရွာသားတဦးက ပြောပါတယ်။

အခုလို စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်းက ပြည်သူ ၇,၀၀၀ ခန့်ထိ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ရှမ်းမြောက်မှာ အပစ်ရပ်ပြီးနောက် ဇန်နဝါရီ ၃ ရက်က စတင်ကာ ၁၃ ရက်အထိ စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ခင်ဦးမြို့နယ်အတွင်းရှိ အင်တိုင်းလေး၊ မြင်းဒေါင်း၊ မကျီးအုပ်၊ ယာတော်၊ ကားဆိပ်၊ ကျွန်းတောကြီး၊ မြင်းကျ၊ တဲစု၊ မြစ်တော်၊ ကံသာယာ၊ အင်တိုင်းကြီး၊ စတဲ့ကျေးရွာတွေက ပြည်သူ ၈,၀၀၀ ခန့် စစ်ဘေးရှောင်ခဲ့ရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၁၂ ရက်နေ့မှာ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး အပါအဝင် ပြည်သူ ၄ ဦးကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013