DVB Logo
Home
နိုင်ငံတကာ
ပါလက်စတိုင်းနိုင်ငံထူထောင်မှု အစ္စရေး လက်မခံ
DVB
·
January 19, 2024
ပါလက်စတိုင်းနိုင်ငံထူထောင်မှု အစ္စရေး လက်မခံ
Donate to DVB

ဂါဇာထိုးစစ် အရှိန်လျှော့ဖို့နဲ့ စစ်ပွဲအလွန်မှာ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး စတင်ဆောင်ရွက်ဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဇန်နဝါရီ ၁၈ ရက်မှာ အတိအလင်း ပယ်ချခဲ့ပြီး “မြစ်ကနေ ပင်လယ်အထိ” အစ္စရေးကသာ အချုပ်အခြာ အာဏာပိုင်စိုး ထိန်းချုပ်သွားမှာဖြစ်တယ်လို့ ပြောသွားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပါလက်စတိုင်း လွတ်လပ်ရေးအတွက် လမ်းကြောင်းမဖော်ပေးဘဲ အစ္စရေးမှာ ဘယ်တော့မှ စစ်မှန်တဲ့ လုံခြုံရေး ရမလာနိုင်ဘူးလို့ ပြောကြားခဲ့အပြီးမှာ နေတန်ယာဟုရဲ့မှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

နေတန်ယာဟုရဲ့ မှတ်ချက်အပေါ် “ကျနော်တို့ကတော့ လုံးဝကို အမြင်ကွဲပြားပါတယ်” လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက ပြန်လည်တုံ့ပြန်ပါတယ်။

နိုင်ငံတဝန်း ရုပ်သံကထုတ်လွှင့်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နေတန်ယာဟုက “ကျုပ်တို့ ဆုတ်ခွာပေးတဲ့ နေရာတိုင်းကနေ ကျုပ်တို့အပေါ် ဆိုးရွားတဲ့ အကြမ်းဖက်မှုပဲ ပြန်ရတယ်။ လက်ဘနွန်တောင်ပိုင်းမှာလည်း ဒီလိုပဲ၊ ဂါဇာမှာလည်း ဒီလိုပဲ၊ ဂျူဒီယာနဲ့ ဆမားရီးယားမှာ ရောပဲ” လို့ ပြောပါတယ်။

ဂျူဒီယာနဲ့ ဆမားရီးယားဆိုတာ အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုစလင်ကို ဆိုလိုတာ ဖြစ်ပါတယ်။

“ဒါကြောင့် ရှင်းအောင်ပြောချင်တာက အနာဂတ် ဘယ်လိုအစီအစဉ်မှာမဆို အစ္စရေးနိုင်ငံက မြစ်ကနေ ပင်လယ်အထိ ဧရိယာတခုလုံးကို ထိန်းချုပ်ရမယ်။ ဒီအတွက် အချုပ်အခြာ အာဏာပိုင်ဖို့လိုတယ်” လို့ ဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။

“ကျုပ်တို့ရဲ့ အမေရိကန်မိတ်ဆွေတွေကို ဒီအမှန်တရားကို ပြောလိုက်ပါတယ်။ ကျုပ်တို့ကို ထိခိုက်စေမဲ့ အရှိတရားတခု သတ်မှတ်ပေးဖို့ ကြိုးစားတာကိုလည်း ရပ်စဲပစ်ခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ်တယောက်ဆိုတာ အကောင်းဆုံးမိတ်ဆွေတွေကိုတောင် နိုးလို့ ပြောနိုင်ရမယ်။ နိုးလို့ ပြောဖို့လိုရင် နိုး၊ လုပ်ပေးနိုင်မှ ရက်စ်လို့ ပြောရမယ်” လို့ အမေရိကန်ရဲ့ အဆိုပြုချက်ကို ငြင်းခဲ့ကြောင်း နေတန်ယာဟုက လူသိရှင်ကြား ထုတ်ဖော်ခဲ့ပါတယ်။

ဂျော်ဒန်မြစ်ကနေ မြေထဲပင်လယ်အထိလို့ အဓိပ္ပာယ်ရတဲ့ “မြစ်ကနေ ပင်လယ်အထိ” ဆိုတဲ့ အသုံးအနှုန်းဟာ နေတန်ယာဟုရဲ့ လက်ယာယိမ်း လီကွတ်ပါတီရဲ့ မူလဖွဲ့စည်းပုံစာတမ်းမှာ ပါဝင်တဲ့ စာသားဖြစ်သလို ပါလက်စတိုင်းတွေရဲ့ ကြွေးကြော်ကြလေ့ရှိတဲ့ အသုံးအနှုန်းလည်း ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013