DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် အောင်ဘာလေထီ ရောင်းအားပြန်တက်
DVB
·
January 18, 2024
ရန်ကုန်တွင် အောင်ဘာလေထီ ရောင်းအားပြန်တက်
Donate to DVB

စစ်အာဏာသိမ်းပြီးနောက် ပြည်သူအများစုက သပိတ်မှောက်ခဲ့လို့ ရောင်းအားကျဆင်းခဲ့တဲ့ အောင်ဘာလေထီဟာ ရန်ကုန်မှာ ရောင်းအားတွေပြန်တက်လာပြီး လက်လီဈေး တစောင်ကို  ကျပ် ၁၂၀၀ ထိ ရောင်းနေရတယ်လို့ ထီအရောင်းဆိုင်တွေဆီကနေ သိရပါတယ်။ 

ထီရောင်းအားတွေ ဒီဇင်ဘာလကုန်ကနေစပြီး ပြန်တက်လာခဲ့တဲ့အတွက် လက်လီဈေးတွေပါ တက်လာတာလို့ ရန်ကုန်ရှိ အောင်ဘာလေထီ လက်ကားအရောင်းဆိုင်ကြီးတွေကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာက အက္ခရာ ၉ လုံးကို ၁၁ စောင်ပါ အုပ်ရေ ၅၀၀၀ ကျော်သာ ထုတ်ယူရောင်းချတဲ့ လက်ကားဆိုင်က ဒီလမှာတော့ လဝက်ကတည်းကပဲ အုပ်ရေ  ၁၀၀၀၀ ကျော် ရောင်းကုန်နေပြီလို့ လက်ကားဆိုင်တဆိုင်ရဲ့  ဝန်ထမ်းက ပြောပါတယ်။

“၁၁ လပိုင်းက ထီထုတ်အားက ၂ လိုင်းလောက်ပဲ ထုတ်ဖြစ်တဲ့အခါကျတော့  ထီထုတ်အားက ၁၁ အုပ် ငါးထောင်ကျော်လောက်ပဲ ထုတ်ဖြစ်တယ်။ ၁၂ လပိုင်းမှာကျတော့ ထီထုတ်အားက သောင်းကျော်သွားတယ်။ အောင်ဘာလေက သတ်မှတ်ထားတဲ့ ထီ Target အကုန်လုံးကုန်သွားတယ်။ ဒီလမှာလည်း လဝက်ပဲ ရှိသေးတယ်။ အောင်ဘာလေက သတ်မှတ်ထားတဲ့ထီ အကုန် ကုန်နေပြီ။ ၁၁ လပိုင်း ၁၀ လပိုင်း အဲဒီအချိန်တုန်းက ထီတွေက သိပ်ရောင်းအားမကောင်းတဲ့အခါကျတော့ ထီလက်ကားဈေးက ၉၅၀ နဲ့ ၉၂၀ လက်လီဈေးက ၁၀၀၀ အဲ့လောက်ပဲ ရောင်းရတယ်၊ ၁ လပိုင်းမှာ လက်ကားဈေးက စပြီး အဖွင့်ကိုက ၁၀၀၀ နဲ့ စဖွင့်ပီးတော့ ၂ ရက် ၃ရက်ကတော့ ၁၀၁၀ ၊ ၁၀၂၀ ကနေ ၁၀၅၀ ကနေ အခုနောက်ပိုင်း ၁၀၉၀ ဖြစ်သွားပြီးတော့ လက်လီဈေးက ၁၂၀၀ ထိဖြစ်သွားတယ်။”

ပြီးခဲ့တဲ့လတွေက အက္ခရာ ၉ လုံးကို တကြိမ်တည်းထုတ်တာတောင် ထီဆိုင်တွေမှာ ရောင်းမကုန်ဘဲ ထီလက်မှတ်တွေ ပုံနေတဲ့အထိ ဖြစ်ခဲ့ပြီး ဒီလမှာတော့ ပထမတကြိမ်ထုတ်တာ ရောင်းကုန်သွားတဲ့အတွက် နောက်တကြိမ် ထုတ်ဖို့အထိ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ 

ပြည်သူအများစုကတော့ အောင်ဘာလေထီကို သပိတ်မှောက်ထားဆဲဖြစ်သလို စစ်ကောင်စီလက်ဝေခံ ရုံးဌာနတွေမှာ အတင်းအကျပ်ရောင်းပြီး ရောင်းအားမြှင့်တင်နေတာ ဖြစ်နိုင်တယ်လို့ ထီဝါသနာရှင်တယောက်က ပြောပါတယ်။

“ကျနော်ကတော့ အာဏာသိမ်းကတည်းက အောင်ဘာလေထီကို မထိုးတော့တာပေါ့၊ Boycott လုပ်လိုက်တာပေါ့။ နိုင်ငံခြားထီတော့ တခါတလေ ထိုးဖြစ်တယ်။ သူတို့ ရောင်းအားကောင်းတယ် ဆိုတာက အက္ခရာ နည်းနည်းပဲ ရိုက်ထုတ်တာဆိုတော့  ဟုတ်ရင် ဟုတ်နိုင်တာပေါ့။ သေချာတော့ မသိနိုင်ဘူးပေါ့။ ထီလည်း မထိုးတာ ကြာပြီဆိုတော့လေ။ ပြီးတော့ သူတို့လူတွေကတော့ ထီရောင်းအားကောင်းအောင် ထိုးနေတုန်းပဲ၊ သူတို့တွေထိုးတာတော့ တွေ့နေတာဆိုတော့လေ။ တချို့ဌာနတွေမှာဆို မဖြစ်မနေထိုးဖို့လည်း အတင်းအကျပ် ရောင်းနေတာလည်း ရှိတယ်လို့ ကြားဖူးတယ်လေ။”

အောင်ဘာလေထီက စစ်ကောင်စီရဲ့ သွေးစွန်းငွေစီးဝင်နေတဲ့ ဝင်ငွေရပေါက်တခုဖြစ်တဲ့အတွက် အောင်ဘာလေထီအပါအဝင် စစ်တပ်ထုတ်ကုန်အားလုံးကို ဆက်လက်ပြီး သပိတ်မှောက် ကြဖို့ကိုလည်း သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်တဦးက ပြောပါတယ်။

“နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေ၊ စီးပွားရေး ပိတ်ဆို့မှုတွေ၊ ပြည်သူလူထုရဲ့ စစ်တပ်ထုတ်ကုန်တွေအောက်မှာ၊ သပိတ်မှောက် ဆန့်ကျင်မှုတွေအောက်မှာ စစ်တပ်က ပိုက်ဆံရစရာ အပေါက်အလမ်းက အတော်လေး နည်းလာပြီ၊ ဒီလိုမျိုး ပိုက်ဆံကို အရေးတကြီးလိုလာတဲ့ အကြမ်းဖက်စစ်တပ်ကတော့ ပိုက်ဆံကို ရရာနည်းလမ်းနဲ့ ဆက်ပြီးပြီးရှာဖို့ ကြိုးစားနေတာပေါ့။ ။ပြည်သူလူထုတရပ်လုံးနဲ့ ကျနော်တို့အတူတူ အောင်ဘာလေထီကို ပြင်းပြင်းထန်ထန်သပိတ်မှောက်ဖို့ လိုအပ်ပါတယ်။ ဒါက အောင်ဘာလေထီ တခုတည်းတော့ မဟုတ်ဘူးပေါ့၊ တခြားသော စစ်တပ် ထုတ်ကုန်တွေ အားလုံးကိုလည်း တညီတညွတ်တည်း ဆက်ပြီး သပိတ်မှောက်ဖို့ လိုအပ်ပါတယ်။”

၂၀၂၃ ခုနှစ် ၁၁ လပိုင်း၊ ၁၂ လပိုင်း နဲ့  အခု ၂၀၂၄ ခုနှစ် ၁ လပိုင်းတို့မှာ စစ်ကောင်စီက ပေပါထီနဲ့ အွန်လိုင်းထီအပါကို အက္ခရာ ၉ လုံး ကကြီးကနေ ဈ အထိ ရိုက်နှိပ်ပြီး ရောင်းချနေတာလို့ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013