DVB Logo
Home
မြန်မာသတင်း
မြောက်ဦးနှင့်ဘူးသီးတောင်တွင် စစ်တပ် ပစ်ခတ်မီးရှို့မှုကြောင့် ပြည်သူ ၄ ဦး သေဆုံး၊ နေအိမ် ၂၀ ခန့် ဆုံးရှုံး
DVB
·
January 17, 2024
မြောက်ဦးနှင့်ဘူးသီးတောင်တွင် စစ်တပ် ပစ်ခတ်မီးရှို့မှုကြောင့် ပြည်သူ ၄ ဦး သေဆုံး၊ နေအိမ် ၂၀ ခန့် ဆုံးရှုံး
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်ကို ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၂၀ လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြောက်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ သက်ရွာစျေးလေးနားကို ဇန်နဝါရီ ၁၆ ရက် မနက် ၁၀ နာရီခွဲလောက်မှာ မြောက်ဦးအခြေစိုက် ခမရ ၃၇၇ တပ်ရင်းက စစ်ကောင်စီတပ်သား ၁၀ ယောက်ကျော် ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ပြည်သူတွေပိုင်ဆိုင်တဲ့ တိုက်ခံအိမ် ၃ လုံး၊ သစ်ဝါးအိမ် ၁၇ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီလောက်မှာလည်း မြောက်ဦးအခြေစိုက် ခမရ ၅၄၀ တပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကိုင်းတော(မွတ်ဆလင်) ကျေးရွာနားက လယ်ကွင်းထဲ ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ကိုင်းတောကျေးရွာက အသက် ၅၇ နှစ်အရွယ် ဦးဘမောင်နဲ့ အသက် ၁၇ နှစ်အရွယ် ချော်ဘီကော်ရိမ်တို့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့လို့ ဆေးဝါးကုသမှု ခံယူနေရပါတယ်။

မြောင်းဘွေကျေးရွာကိုလည်း ညနေ ၅ နာရီ ၁၅ မိနစ်လောက်မှာ မကွေးလေတပ်စခန်းက တက်လာတဲ့ ဂျက်တိုက်လေယာဥ်တစင်းနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြောင်းဘွေဆေးရုံဟောင်းနားမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပြောပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် မြောင်းဘွေရွာက အသက် ၅၅ နှစ်အရွယ် ဦးအေးကျော်နဲ့ အသက် ၄၅ နှစ်အရွယ် ဦးဇော်မင်းအောင်တို့ ဗုံးစထိမှန်ပြီး သေဆုံးခဲ့ကာ အသက် ၃၀ အရွယ် ကိုစိုးသူ၊ အသက် ၅၅ နှစ်အရွယ် ဦးအေးကျော်နဲ့ အသက် ၂၀ အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ဦးမြို့နယ်အတွင်းက ရပ်ရွာတွေကို စစ်ကောင်စီက နေ့စဥ်ရက်ဆက် လေယာဥ်၊ လက်နက်ကြီးနဲ့ ဗုံးကြဲ ပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူ အများအပြား သေဆုံး၊ ဒဏ်ရာရရှိကာ နေအိမ်အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၂ နာရီလောက်ကလည်း မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်ကို ခမရ ၃၇၇၊ ၃၇၈ တပ်ရင်းတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ကျေးရွာကိုလည်း ဇန်နဝါရီ ၁၅ ရက် ည ၈ နာရီကျော်လောက်မှာ ဘူးသီးတောင်အခြေစိုက် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၉ တပ်ရင်း စံကောတောင်တပ်စခန်းနဲ့ နွားရုံတောင်ဗျူဟာကုန်းက လက်နက်ကြီးနဲ့ ၉ လုံး ပစ်ခတ်ခဲ့တယ်လို့  ဒေသခံတယောက်က ပြောပါတယ်။

အဲဒီလက်နက်ကြီးကျည် ရွာထဲမှာ ကျရောက်ပေါက်ကွဲကာ ဆင်သေပြင်ရွာက အသက် ၇ နှစ်အရွယ် မဟာမီဒါနဲ့ အသက် ၆၀ အရွယ် ဒေါ်အဇော်လီတို့ ၂ ယောက် လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ပြီး အသက် ၁၆ နှစ်အရွယ် မောင်မာမာတ်ရော်ဖီးနဲ့ အသက် ၉ နှစ်အရွယ် မမီနိုရ်ကီရာတို့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် စတင်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့ရောညပါ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်အဆောက်အဦတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေ ထိခိုက်ပျက်စီးကာ ဒေသခံပြည်သူ ၁၀၁ ယောက် သေဆုံးခဲ့ပြီး ၁၇၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013