DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲများကြောင့် ရခိုင်မှ ကိုယ်ဝန်ဆောင်မိခင်များ ကလေးမွေးဖွားရန် အခက်ကြုံ
DVB
·
January 16, 2024
တိုက်ပွဲများကြောင့် ရခိုင်မှ ကိုယ်ဝန်ဆောင်မိခင်များ ကလေးမွေးဖွားရန် အခက်ကြုံ
Donate to DVB

တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားနေပြီး လမ်းကြောင်းတွေအားလုံး ပိတ်ဆို့ခံထားရတဲ့ ရခိုင်ပြည်နယ်မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးမွေးဖွားရေး အခက်ကြုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း ဒေသအလိုက် ဆေးရုံဆေးခန်း အများအပြားလည်း ပြောင်းရွှေ့တာ၊ ပိတ်ထားတာတွေ ရှိနေသလို ကျေးလက်ဒေသတွေက ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဆေးရုံဆေးခန်းဖွင့်တဲ့ နေရာတွေကိုလည်း မသွားရောက်နိုင်လို့ ကလေးမွေးဖွားဖို့ အခက်အခဲရှိနေတယ်လို့  ကျောက်ဖြူ မလကျွန်းမှ ကိုယ်ဝန်ဆောင်မိခင်တဦးက ပြောပါတယ်။

“ကိုယ်ဝန်ဆောင်တွေက ဆေးခန်းလည်း မပြကြရပါဘူး။ လမ်းတွေပိတ်ထားတယ်။ မွေးလာမယ့်ကလေးက အနေအထားလည်း မသိရဘူး။ ရိုးရိုးမွေးလို့ရရင်တော့ ကောင်းတယ်လေ။ ခွဲစိတ်ရမယ့် အခြေအနေဆိုရင်လည်း ခွဲမယ့်နေရာက မရှိတော့ မိခင်ရော ကလေးအတွက်ရော စိုးရိမ်နေရတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းက ပေါက်တောမြို့နယ် ကန်ချောင်ကနေ စစ်တွေကို ကလေးမွေးဖွားဖို့လာတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖြတ်သန်းသွားလာခွင့် မပြုလို့  ကလေးမမွေးနိုင်ဘဲ သေဆုံးသွားခဲ့တယ်လို့ ပေါက်တောဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်ကလည်း ရသေ့တောင်ဘက်ကနေ ပုဏ္ဏားကျွန်းမြို့နယ် ဒိုးတန်းရွာမှာ စစ်ဘေးလာရှောင်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ကလေးမမွေးနိုင်ဖြစ်ပြီး မိခင်ရော ကလေးရော သေဆုံးခဲ့ပါတယ်။

လမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတာကြောင့် ရခိုင်မှာ ဆေးဝါးတွေလည်း ပြတ်လပ်နေပြီး ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေလည်း မသောက်သုံးနိုင် ဖြစ်နေကြတယ်လို့ မြောက်ဦးမြို့နယ်မှ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးက ပြောပါတယ်။

“ပြည်သူ့ဆေးရုံကြီးလည်း မရှိတော့ဘူး။ မြို့ထဲမှာ တိုက်ပွဲဖြစ်နေတော့ ဘာဆေးခန်းမှလည်း မဖွင့်ဘူး။ အရင် ဆေးခန်းသွားပြတုန်းက ဆရာဝန်ညွှန်တဲ့ဆေးတွေ ကုန်တော့ ဘယ်မှာမှ ထပ်ဝယ်လို့ မရတော့ဘူး။ ကလေးမွေးလာဖို့ကိုပဲ စိတ်ပူနေရတော့တယ်။”

ရခိုင်ပြည်နယ်မှာ ဒေသမတည်ငြိမ်မှုအပြင် ပြည်နယ်အနှံ့က လမ်းကြောင်းတွေအားလုံး ပိတ်ထားတာကြောင့် လက်ရှိ ကိုယ်ဝန်ဆောင်မိခင်တွေအပြင် တခြား ကျန်းမာရေး မကောင်းတဲ့သူတွေ၊ နာတာရှည်ရောဂါ၊ စိတ်ဝေဒနာရှင်တွေဟာ ဆေးဝါးကုသရေးပိုင်းမှာ အခက်အခဲတွေ ဖြစ်နေကြပြီး ဆေးဝါးကုသခွင့် မရတာကြောင့် သေဆုံးသူတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013