DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၅ ဦး၏ ကြွယ်ဝမှု ၂ ဆတိုးချိန် ကမ္ဘာ့လူဦးရေ ၆၀ ရာခိုင်နှုန်း ပိုဆင်းရဲလာ
DVB
·
January 16, 2024
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၅ ဦး၏ ကြွယ်ဝမှု ၂ ဆတိုးချိန် ကမ္ဘာ့လူဦးရေ ၆၀ ရာခိုင်နှုန်း ပိုဆင်းရဲလာ
Donate to DVB

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၅ ဦးဟာ ၂၀၂၀ နောက်ပိုင်း သူတို့ရဲ့ကြွယ်ဝမှုကို နှစ်ဆကျော် ပိုတိုးပွားစေခဲ့ပြီး အားလုံးပေါင်း အမေရိကန်ဒေါ်လာ ၈၆၉ ဘီလီယံအထိ ချမ်းသာလာခဲ့ပေမဲ့ ကမ္ဘာ့အဆင်းရဲဆုံး လူသန်း ၅၀၀၀ နီးပါး၊ ကမ္ဘာ့လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကတော့ ပိုဆင်းရဲသွားကြတယ်လို့ Oxfam အဖွဲ့ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မှာ နှစ်စဉ်ကျင်းပနေကျ ကမ္ဘာ့ခေါင်းဆောင်တွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ မဟာသူဌေးကြီးတွေ တက်ရောက်ကြမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်စတင်တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့အမီ ဒီအစီရင်ခံစာကို ဆင်းရဲမွဲတေမှုလျော့ကျရေးလှုပ်ရှားတဲ့ Oxfam အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

ဆယ်စုနှစ်တခုအတွင်း ပထမဆုံးထရီလျံနာ ပေါ်လာနိုင်ပြီး ဆင်းရဲ ချမ်းသာ ကွာဟမှုက ပိုတိုးလာမယ်လို့လည်း ခန့်မှန်းထားပါတယ်။

လက်ရှိအတိုင်းသာ ဆက်သွားမယ်ဆိုရင် နောက် ၂၂၉ နှစ်ကြာရင်တောင် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မှာ မဟုတ်ဘူးလို့လည်း အစီရင်ခံစာမှာ သတိပေးထားပါတယ်။

ကိုဗစ်နောက်ပိုင်း မညီမျှမှုက ပိုတိုးလာပြီး ကမ္ဘာပေါ်ရှိ ဘီလျံနာအားလုံးရဲ့ ကြွယ်ဝမှုဟာ ၂၀၂၀ ကထက်  ၃ ဒသမ ၃ ထရီလျံ တိုးလာပြီး သူတို့ကြွယ်ဝမှုက ငွေကြေးဖောင်းပွမှုထက် သုံးဆပိုများတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၅ ဦးဖြစ်တဲ့ အီလွန်မတ်စ်ခ်၊ ဘားနတ်အာနိုးလ်၊ ဂျက်ဖ်ဘီးဇော့ဖ်နဲ့ လာရီအယ်လီဆင်တို့က ပိုချမ်းသာလာပေမဲ့ လူသန်းပေါင်း ၄,၇၇၀ ကျော်ရဲ့ ပိုင်ဆိုင်မှုကတော့ ၀ ဒသမ ၂ ရာခိုင်နှုန်းတောင် လျော့ကျသွားတာ ဖြစ်ပါတယ်။

“တကမ္ဘာလုံးကလူတွေဟာ အလုပ်တွေပိုလုပ်ရ၊ အချိန်တွေ ပိုလုပ်လာရပြီး ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာရှိတဲ့ လစာဝင်ငွေအတွက် မရေရာတဲ့ မလုံခြုံတဲ့ အလုပ်တွေမှာ လုပ်နေရပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

နိုင်ငံပေါင်း ၅၂ နိုင်ငံမှာ လူ သန်း ၈၀၀ နီးပါးရဲ့ ပျမ်းမျှ လုပ်ခလစာဟာ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်နှစ်အတွင်း သူတို့ရဲ့ဆုံးရှုံးမှု စုစုပေါင်းဟာ ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံရှိပြီး အလုပ်သမားတယောက်ချင်းစီဟာ ၂၅ ရက်စာလုပ်ခ ဆုံးရှုံးသွားရတာနဲ့ အလားတူတယ်လို့ သုံးသပ်ပါတယ်။

ချမ်းသာတဲ့သူတွေကို ချမ်းသာခွန် သပ်သပ်ထပ်ကောက်ဖို့ လိုအပ်တယ်လို့လည်း Oxfam အဖွဲ့က တောင်းဆိုထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၅ ဦး၏ ကြွယ်ဝမှု ၂ ဆတိုးချိန် ကမ္ဘာ့လူဦးရေ ၆၀ ရာခိုင်နှုန်း ပိုဆင်းရဲလာ