DVB Logo
Home
နိုင်ငံတကာ
အစ္စရေး-ဟားမတ်စ် စစ်ပွဲ ရက် ၁၀၀ ပြည့်ချိန် တိုက်ပွဲများ ဆက်လက်ပြင်းထန်
DVB
·
January 15, 2024
အစ္စရေး-ဟားမတ်စ် စစ်ပွဲ ရက် ၁၀၀ ပြည့်ချိန် တိုက်ပွဲများ ဆက်လက်ပြင်းထန်
Donate to DVB

ဇန်နဝါရီ ၁၄ ရက်နေ့ အစ္စရေး-ဟားမတ်စစ်ပွဲ ရက် ၁၀၀ ပြည့်တဲ့အချိန်အထိ ဂါဇာ တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ အစ္စရေး တင့်ကားတွေနဲ့ တိုက်လေယာဉ်တွေက ဆက်လက် ပစ်ခတ်တိုက်ခိုက်ဆဲဖြစ်သလို အပြန်အလှန်ပစ်ခတ်မှုတွေလည်း ရှိနေဆဲဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက် ဟားမတ်စ်သေနတ်သမားတွေက အစ္စရေး အရပ်သားတွေကို ဝင်ရောက်ပစ်ခတ်မှုကနေ စခဲ့တဲ့ ဖြစ်စဉ်မှာ ဟားမတ်စ်တွေကို အပြီးသတ် အမြစ်ဖြုတ်မယ်ဆိုတဲ့ အစ္စရေးရဲ့ ဂါဇာထိုးစစ်က အရှိန်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

အစ္စရေးက သုံးရက်ဆက်တိုက် အင်တာနက်နဲ့ ဆက်သွယ်မှုတွေ ဖြတ်တောက်ထားတာကြောင့် ကယ်ဆယ်ရေးနဲ့ အရေးပေါ်လုပ်ငန်းတွေ အခက်အခဲ ရှိနေတယ်လို့လည်း သိရပါတယ်။

ဂါဇာတောင်ပိုင်း ခန်ယိုနစ်မြို့မှာ တိုက်ပွဲပြင်းထန်နေပြီး အစ္စရေးတင့်ကားတစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဟားမတ်စ်က ထုတ်ပြန်ခဲ့သလို ဂါဇာအလယ်ပိုင်း အယ်လ်ဘူရက်ဂျ်နဲ့ အယ်လ်မာဂါဇီမှာလည်း ဟားမတ်စ်တပ်ဖွဲ့ဝင်တချို့ကို သုတ်သင်နိုင်ခဲ့တယ်လို့ အစ္စရေးက ထုတ်ပြန်ပါတယ်။

အစ္စရေးက ဒီလောက် ဗုံးကြဲတိုက်ခိုက်နေပေမဲ့ ဟားမတ်စ်အဖွဲ့က ရော့ကတ်တွေနဲ့ ပြန်ထုနိုင်ဆဲဖြစ်ပြီး ၁၄ ရက်နေ့က အစ္စရေးမြို့ အက်ရှ်ဒေါ့ကို ရော့ကတ်နဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်ဦးက အဖွဲ့တွေတော်တော်များများက လာမယ့်ရက်အတွင်း ရန်သူတော် အစ္စရေးကို အရှိန်မြှင့်တိုက်ခိုက်သွားမယ်လို့ သတိပေးထားကြောင်း ဟားမတ်စ် ပြောခွင့်ရပုဂ္ဂိုလ် အဘူ အူဘေဒါက ဆိုပါတယ်။

အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ဟားမတ်စ်တွေသုံးတဲ့ မြေအောက် ဒုံးလွှတ်ရုံ အများအပြားကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ အစ္စရေးက ထုတ်ပြန်ပါတယ်။

ဂါဇာစစ်ပွဲမှာ လက်ရှိအချိန်အထိ သေဆုံးသူ ၂၄,၀၀၀ ကျော် ရှိသွားပြီဖြစ်ပြီး ဒဏ်ရာရသူ ၆ သောင်းကျော် ရှိလာပြီလို့ ဂါဇာ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

အစ္စရေးထုတ်ပြန်ချက်အရတော့ ပါလက်စတိုင်း တိုက်ခိုက်ရေးသမား ၉,၀၀၀ လောက်ကို သုတ်သင်နိုင်ခဲ့ပြီး အစ္စရေးစစ်သား ၁၈၉ ဦး ကျဆုံးတယ်လို့ ဆိုပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013