DVB Logo
Home
Lead Story
ပြည်သူလူထုက မတတ်သာလို့ ဆန္ဒပြတဲ့လမ်း ရွေးရတာပါ - ဦးနေမျိုးဇင်
DVB
·
August 26, 2014
ပြည်သူလူထုက မတတ်သာလို့ ဆန္ဒပြတဲ့လမ်း ရွေးရတာပါ - ဦးနေမျိုးဇင်
1 / 2
Donate to DVB

တက်ကြွလှုပ်ရှားသူတွေဖြစ်ကြတဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့ခေါင်းဆောင် ဦးထင်ကျော်၊ အလုပ်သမားနဲ့ လယ်သမားအရေး တက်ကြွ လှုပ်ရှားသူ ဦးဝင်းချိုတို့ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၊ ငြိမ်းချမ်းစွာ စုဝေးလှည့်လှည်ခွင့်ဥပဒေဖြစ်တဲ့ ပုဒ်မ ၁၈ စတဲ့ပုဒ်မတွေနဲ့ အမှုပေါင်းအမြောက်အမြား စွဲဆို အမှုရင်ဆိုင်ရပြီး ပြစ်ဒဏ်ချမှတ်ခံနေကြရပါတယ်။

သူတို့ကတော့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ငြိမ်းချမ်းစွာ အသုံးပြုကြတာလို့ ရပ်တည် ပြောဆိုကြပါတယ်။

ဒီလို အရေးယူမှုတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် ညှိနှိုင်းဆောင်ရွက်သူ
ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက ငြိမ်းစုစီ (ပုဒ်မ ၁၈) နဲ့ အကြည်ညိုပျက်စေမှုနဲ့ ထောင်ကျနေတဲ့ ဦးထင်ကျော်ကို အချုပ်မှာ သွားတွေ့တဲ့အခါ  သူက ဘာဖြစ်ချင်လို့ အခုလို ဆန္ဒပြတောင်းဆိုမှုတွေ ဆက်တိုက်လုပ်ဆောင် ကြိုးပမ်းနေတယ်လို့ ပြောလဲ။

[caption id="attachment_63405" align="alignleft" width="227"]nay myo zin ဦးနေမျိုးဇင်[/caption]

“ကိုထင်ကျော် ဖြစ်ချင်တာ ကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လက်ရှိ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ နဲ့ ပြည်သူအပေါ်ပေးတဲ့ ကတိက၀တ်တွေ မကျေပွန်လို့ သူက ပြည်ထောင်စုအစိုးရကို အယုံအကြည် မရှိဘူး။ ပြည်ထောင်စုအစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ သူတို့ပြောတဲ့စကားနဲ့ လုပ်တဲ့အလုပ် ညီတဲ့အထိ ပြည်သူက ၀ိုင်းဝန်းတောင်းဆိုကြပါလို့ သူက မှာကြားလိုက်ပါတယ်။ ကျနော်တို့ကိုပေါ့။ သူကလည်း အမှုတွေ တလှေကြီးနဲ့ ရင်ဆိုင်နေရတာပေါ့၊ မတရားသဖြင့် စွဲဆိုထားတာပါ။ နိုင်ငံသားတဦးဟာ အစိုးရကို ယုံကြည်ခြင်း၊ မယုံကြည်ခြင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိပါတယ်။ အဓိကက အစိုးရကသာ ပြည်သူလူထု ယုံကြည်အောင်လုပ်ရမယ့် တာဝန်ရှိပါတယ်။ ဒါပေမယ့် သူတို့ကို မယုံကြည်ဘူးလို့ ပြောတဲ့သူကို ပုဒ်မအမျိုးမျိုး တပ်ပြီး ဖမ်းဆီးထောင်ချခြင်းဟာ အစိုးရကောင်းတရပ်ရဲ့ လက္ခဏာ မဟုတ်ကြောင်း အလိုလို ဖော်ပြရာလည်း ရောက်သွားတာ ပေါ့။”

ကိုထင်ကျော်ပြီးတော့ ဦးဝင်းချို၊နဲ့ ကိုဝေဠုတို့ ရန်ကုန်မှာ ပုဒ်မ ၁၈ နဲ့ ဒီကနေ့ ထောင်ဒဏ်ထပ်မံ စီရင်ခံကြရတယ်။ ဦးဝင်းချိုက အလားတူ အမှုပေါင်းမနည်းဘူးလို့ ကြားတယ်။ ရင်ဆိုင်နေရတယ်ဆိုတော့   ဘာကြောင့်လဲ။

“အဲဒါ မနှစ်တုန်းကဗျ။  ၂၀၁၃ ခုနှစ်တုန်းက။ ကျနော်ဆိုလည်း ၁၂ မှု၊ ၁၃ မှုလောက် ရှိပါတယ်။ ပုဒ်မ ၁၈ ပေါ့။ အခု ရဲတပ်ဖွဲ့ရဲ့ တရားစွဲတဲ့ပုံစံကို ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောပြရရင်တော့ စိတ်မကောင်းစရာပေါ့။ သူတို့က ဘာလဲဆိုတော့ ဆန္ဒဖော်ထုတ်ပွဲတခုပဲဖြစ်ဖြစ်၊ လူစုလူဝေး စီတန်းလမ်းလျှောက်တာပဲဖြစ်ဖြစ် ရဲက မှတ်တမ်းတင် ဓာတ်ပုံရိုက်လိုက်တယ်ဗျာ။ ပြီးရင် သူတို့သိတဲ့သူ၊ မျက်မှန်းတမ်းမိသူ၊ ဖုန်းနံပါတ် လွယ်လင့်တကူ ရှိတဲ့သူကိုပဲ ကောက်တရားစွဲတာဗျ။ ဘယ်သူ ဦးဆောင်တယ်၊ ဘယ်သူ ဘာဖော်ပြခဲ့တယ်၊ ဘယ်နှယောက်ပါတယ်ဆိုတာ အရေးမကြီးဘူး။ သူတို့သိတဲ့သူ ဘယ်နှယောက်ပါလဲဆိုတာပဲ စောင့်ကြည့်တယ်။

"အဲဒီတော့ တရားဥပဒေစိုးမိုးရေးနဲ့ တရားစွဲဌာနအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်ဟာ တိုင်းကျိုးပြည်ပြုရှေးရှုတဲ့ လုပ်ဆောင်ချက်မျိုး မဟုတ်ဘဲနဲ့ သတင်းမီဒီယာမှာပါသူ အထက်ဌာနကို သူတို့ အမှုဖွင့်လိုက်ပြီးပြီဆိုတဲ့ တင်ပြချက် ဖြစ်ရုံလောက်ပဲ ဖြစ်တာပေါ့။ အခု ဦးဝင်းချိုဆိုရင် ကျနော်နဲ့ ပထမထောင် ၃ လ ကျခဲ့တဲ့အမှုဆိုရင် သူ့ဘက်ကို ပူးပေါင်းလာတဲ့ လယ်သမားခေါင်းဆောင်တွေ ၂ ထောင်ကျော်တယ်ဗျ။ ၂ ထောင်ကျော်ထဲမှာ သူ့တယောက်တည်းရွေးပြီးတော့ သူ့နာမည်သိလို့။ ကျနော်နဲ့ ပေါင်းလို့ဆိုပြီးတော့ ထောင် ၃ လ ချလိုက်တယ်။ ဒီကနေ့ ကျတယ်ဆိုတဲ့ဟာကလည်း အလားတူပဲ။ သူက သွားရောက်ပြီးတော့ အကျယ်အကျယ်မငြိမ်းဖွယ်တွေ မဖြစ်အောင် လူကြီးတယောက်အနေနဲ့ ဆူတာပူတာ ရန်ဖြစ်တာ၊ အကြမ်းဖက်တာ မဖြစ်ရအောင် သွားထိန်းသိမ်းမယ်ဆိုပြီး သွားလုပ်ပေးတာပေါ့။ ဒါပေမယ့်သူက ရဲကပေးတဲ့လူ ဖြစ်နေတာကိုး။ စာရင်းထဲမှာ ပါနေတဲ့လူ ထန်းပင်တက်လက်မှတ်ရသူ ဖြစ်နေတာဆိုတော့ သူ့ပဲ ထပ်ပြီးတော့ တရားစွဲပြန်ရော။

"အဲဒီတော့ ကျနော်တို့တွေက ပြောပြတယ်။ ဂိုဒေါင်တခု ဖောက်တယ်ဆိုရင်ဗျာ ၁၀ ယောက်ဖောက်ရင် ၁၀ ယောက်စလုံး တတန်းတစားတည်း အပြစ်ရှိတယ် ဥပဒေအရဆိုရင်။ ဥပမာ ဆန္ဒပြတယ်။ ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်တယ်ဆိုရင် အယောက် ၁၀၀ ပြရင် ၁၀၀ လုံးကို အရေးယူဖို့ တာဝန်ရှိတယ်လေ။ အခုဟာက မဟုတ်ဘူး။ ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေက လွဲမှားနေတယ်။ ပြည်သူလူထုနဲ့ ပေါ်လွင်ထင်ရှားလူသိများတဲ့လူကို အရေးယူရမယ်လို့ ဖြစ်နေတယ်။”

လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက မီဒီယာလောကသားတွေ အယောက် ၄၀ ကျော်၊ ၅၀ လောက် အနက်ရောင် ပလတ်စတာတွေ ပါးစပ်မှာ ပိတ်ပြီး သမ္မတကို ဆန္ဒပြခဲ့တာ တရားစွဲဆိုထားရာကနေ ပြန်ရုပ်သိမ်းလိုက်တယ်ဆိုပြီးတော့ သတင်းကောင်းတပုဒ် ကြားရတယ်။ အဲဒီတော့ မီဒီယာသမားတွေနဲ့ ကိုထင်ကျော်တို့ ဦးဝင်းချိုတို့နဲ့ ဘာကွာလဲ။

“ပါဝါ ကွာမယ်ထင်တယ်။ ပါဝါ ကွာမယ်ထင်တယ်ဗျ။ မီဒီယာသမားက အင်အားများတယ်။ အရေးကြီးတဲ့ သတင်းထုတ်ပြန်ချက်စွမ်းရည်တွေ ရှိလို့ ဖြေလျော့ပေးလိုက်တယ်လို့ ကျနော် ထင်တယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နိုင်ငံသားတိုင်းဟာ ကိုယ့်ဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတယ် မဟုတ်လား။ ဘာဖြစ်လို့ တရားစွဲခံနေရတာလဲ။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အချက်အလက်တွေကို ပြည်သူလူထုကို ခွင့်ပြုပေးဖို့အတွက် အစိုးရကိုယ်တိုင်က ပျက်ကွက်နေတယ်လို့ သုံးသပ်ပါတယ်။ အစိုးရကိုယ်တိုင်ကိုက အခြေခံဥပဒေပါ ရပိုင်ခွင့်တွေကို ဦးဆောင်ရမယ်၊ လမ်းပြရမယ်၊ ထိန်းသိမ်း ကြပ်မတ်ပြီးတော့ အခြေခံဥပဒေကို လေးစားရိုသေ လိုက်နာတတ်အောင် စံနမူနာပြရမယ့်အစား ဥပဒေရပိုင်ခွင့်ကို ကျင့်သုံးတဲ့သူတွေကို သူတို့ရဲ့ သြဇာနဲ့ သူတို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးတယ်ဆိုပြီးတော့ ယူဆချက်နဲ့ အခုလိုမျိုး မတရား ဖမ်းဆီးထောင်ချနေခြင်းဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဦးဆောင်ဦးရွက်ပြုရမယ့် အစိုးရတရပ်မှာ ရှိရမယ့်အရည်အချင်းမဟုတ်ဘူးလို့ ကျနော်တို့က သုံးသပ်ပါတယ်။”

ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီးတော့ လွှတ်တော်က ဒီနှစ်လယ်ပိုင်းမှာ ဖြေလျော့ပေးခဲ့သေးတယ် မဟုတ်လား။ အဲဒါ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ကျေနပ်မှု မရှိဘူးလား။

“သမ္မတက ဖြေလျော့ပေးပြီးတဲ့နောက်ပိုင်းမှာ ကျနော်ကိုယ်တိုင်လည်းပဲ ပြည်သူ့ဟစ်တိုင်မှာ ကျနော်ကိုယ်တိုင်သွားပြီးတော့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် တောင်းဆိုတဲ့ ဆန္ဒဖော်ထုတ်ပွဲ လုပ်ခဲ့ပြီးပြီ။ သွားရောက်အကြောင်းကြားရုံသက်သက်ပဲ သူတို့ရဲ့ ခွင့်ပြုမိန့်နဲ့ ခွင့်ပြုချက် တောင်းခံစရာ မလိုတော့ဘူး။ ဒါပေမယ့် အခုဖြစ်တဲ့ ဦးဝင်းချိုတို့ကိစ္စက လက်မှတ်မထိုးခင် ၇ လလောက်တုန်းက ဖြစ်စဉ်ဗျ။ ဒီဖြစ်စဉ်ကို ရုံးချိန်းတွေ ရွှေ့၊ ရွှေ့၊ ရွှေ့၊ ရွှေ့ပြီးတော့ ခုရုံးချိန်းကျမှ ခုလို ဗြုန်းစားကြီးချလိုက်တာကတော့ ကျနော်တို့ ပြည်သူ့အကျိုးရှေးရှုတဲ့ တရားစီရင်ရေးစနစ်နဲ့ ကာကွယ်ရေးပုံစံ မဟုတ်ဘဲနဲ့ အညှိုးကြီးကြီးနဲ့ပေါ့ဗျာ။ ဒီအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့သူကို နှိပ်ကွပ်ဖို့အတွက် ဒီပုဒ်မ ၁၈ ဆိုတာကို ဆက်လက် ကျင့်သုံးနေတယ်လို့ပဲ ကျနော်ကတော့ သုံးသပ်ချင်ပါတယ်။”

လက်ရှိအစိုးရ မတက်လာခင်တုန်းက လမ်းပေါ်မှာ ဆန္ဒပြဖို့ မပြောနဲ့ လက်ဖက်ရည်ဆိုင်မှာတောင် မပြောရဲတဲ့ အခြေအနေ။ အဲဒီကနေ ခုအခါ တနိုင်ငံလုံး ဆန္ဒပြပွဲတွေ ခြိမ့်ခြိမ့်သဲကျင်းပတဲ့အခြေအနေ ရောက်တယ်။ ဆန္ဒပြနေကြသလောက် တောင်းဆိုချက်တွေ၊ လိုလားချက်တွေ ရရဲ့လားဆိုတာ ဘယ်လို သုံးသပ်ချင်လဲ။

“အကျိုးကျေးဇူးရရဲ့လားဆိုတော့ ရသင့်တဲ့ အတိုင်းအတာတခုအထိ ရပါတယ်။ တချို့နေရာတွေမှာတော့လည်း အလွဲသုံးစားလုပ်တာမျိုးတွေ ပေါ်ပေါက်လာတာပေါ့။ ဘာမှ မပြောဘဲ ငြိမ်နေပြန်ရင်လည်း တာဝန်ရှိတဲ့သူတွေ တာဝန်သိသိနဲ့ လုပ်ဆောင်ဖို့က တွန်းအားတခုက ဖြစ်မလာနိုင်ဘူး။ အဲဒီတော့ ဆန္ဒပြခြင်းဟာ ကျနော်တို့ ပြည်သူလူထုဘက်က မတတ်သာလို့ ရွေးချယ်ရတဲ့လမ်းစဉ် ဖြစ်ပါတယ်။ တကယ့်ဥပဒေပါ ရပိုင်ခွင့်အတိုင်း နစ်နာဆုံးရှုံးနေတဲ့ အချက်တွေကို တာဝန်ရှိတဲ့သူတွေက ဥပဒေအတိုင်း ဆောင်ရွက်ပေး နေမယ်ဆိုရင် သမ္မတမိန့်ခွန်းပါ အချက်အလက်အတိုင်း ပြည်သူ့အကျိုးစီးပွားရှေးရှုတဲ့ လုပ်ဆောင်ချက်တွေကို တကယ့်အုပ်ချုပ်ရေးယန္တရားကြီးက တိတိကျကျ အကောင်အထည် ဖော်နေပါတယ်ဆိုရင် ကျနော်တို့ ပြည်သူလူထုက ဆန္ဒပြခြင်းဆိုတဲ့လမ်းစဉ်ကို ရွေးစရာ အကြောင်း မရှိပါဘူး။ ဆန္ဒဖော်ထုတ်ရတာ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေရဲ့ လျစ်လျူရှုခြင်း၊ ဥပက္ခာပြုခြင်းနဲ့ လုံးဝမတရားဘူးလို့ ပေါ်လွင်ထင်ရှားလွန်းအားကြီးလို့ ထုတ်ဖော်ခြင်းသာ ဖြစ်ပါတယ်။”

ဖြည့်စွက်ပြောစရာရှိမလား။

“လက်ရှိအစိုးရရဲ့ သက်တမ်းလည်း ကုန်လုကုန်ဆဲ ရှိပါပြီ။ နိုင်ငံ့ရဲ့ ဒီမိုကရေစီအရွေ့ဟာလည်း ဘာပဲပြောပြော ယခင်စစ်အာဏာရှင်ခေတ်နဲ့ စာရင် အတိုင်းအတာတခုထိ ကောင်းလာတယ်ဆိုတာကို ကျနော်တို့ လက်ခံပါတယ်။ ဒါပေမယ့် ကျနော်တို့ တိုင်းပြည်ဟာ ပတ်ဝန်းကျင် နိုင်ငံတကာအလယ်မှာရော၊ ကမ္ဘာ့အလယ်မှာရော သိပ်ကို နောက်ကျပြီး သိပ်ကို စိတ်မကောင်းစရာသမိုင်းတွေနဲ့ ပြည့်ခဲ့ပြီးပါပြီ။

"ဒါကြောင့်မို့ လက်ရှိ ခေါင်းဆောင်နေတဲ့ ခေါင်းဆောင်တွေကို ရင့်ကျက်တဲ့အမြော်အမြင်နဲ့ တိုင်းသူပြည်သား တို့ပေါ်မှာ ကရုဏာထားပြီးတော့ လေးနက်တဲ့ လုပ်ဆောင်ချက်တွေ။ အရွေ့တွေ၊ အတွန်းတွေ၊ ပြည်သူ့ရှေးရှုတဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်ပေးပါ။ ခုလိုမျိုး ကလေးကလားဆန်တဲ့ကိစ္စမျိုးတွေ၊ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာပုံရိပ်ကို ထိခိုက်စေနိုင်တဲ့ အကျဉ်းချမှု ဖြစ်စဉ်တွေကို လျော့ပါးသွားအောင် ပြင်ဆင် တည့်မတ်ပေးပါ။ တရားဥပဒေစိုးမိုးမှုနဲ့ ဥပဒေပြုရေးမဏ္ဍိုင်ကြီးကို ပြည်သူ့အကျိုးရှေးရှုတဲ့ တည့်မတ်မှုမျိုးတွေ လုပ်ပေးပါလို့ ကျနော်ပြောချင်ပါတယ်။ ပြီးတော့လည်း ထောင်ထဲမှာ ကျနေတဲ့ မတရားဖမ်းခံရတဲ့ အကျဉ်းသား မြောက်မြားစွာ ကျန်ပါသေးတယ်။ အမြန်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးပါလို့ ကျနော် တောင်းဆိုလိုက်ချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013