
ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရထားတဲ့ ကာတာပိုင် အော်ရီဒူး ကုမ္ပဏီဟာ သူတို့ ၀န်ဆောင်မှုကို စပြီး မိတ်ဆက်ခဲ့တဲ့ ၃ ပတ်ကျော် ကာလအတွင်း ဆင်းကတ် ၁ သန်းကျော် ရောင်းချပြီး ဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
လာမယ့် ၂၀၁၄ နှစ်အကုန် မှာ မြန်မာပြည်သူ ၂၅ သန်းကို လွှမ်းခြုံ ၀န်ဆောင်မှု ပေးဖို့ ရည်ရွယ်ထားပေမယ့် ကွန်ရက်ဖြန့်ကြက်ဖို့ တာဝါတိုင် စိုက်ထူရာမှာတော့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အော်ရီဒူး(မြန်မာ)ရုံးရဲ့ အမှုဆောင်အရာရှိချုပ် ရော့စ် ကော့မတ် (Ross Cormack)က ဆိုပါတယ်။
အော်ရီဒူးကုမ္ပဏီဟာ သြဂုတ် ၁၅ ရက် ဆင်းကတ်တွေ တရားဝင် ရောင်းချဝန်ဆောင်မှု ပေးခဲ့စဉ်ကစ ကွန်ရက်ဖြန့်ကြက်မှု အားနည်းတာကြောင့် လိုင်းမမိတာတွေ၊ အင်တာနက် အသုံးပြုခ ဈေးကြီးတာတွေနဲ့ ပတ်သက်ပြီး သုံးစွဲသူတွေရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။











