DVB Logo
Home
မြန်မာသတင်း
တရားဝင်ငွေလွှဲစနစ်သုံးရန် စစ်ကောင်စီ၏စေခိုင်းချက်ကို ပြည်ပရောက် မြန်မာလုပ်သားများ ဖီဆန်
DVB
·
January 13, 2024
တရားဝင်ငွေလွှဲစနစ်သုံးရန် စစ်ကောင်စီ၏စေခိုင်းချက်ကို ပြည်ပရောက် မြန်မာလုပ်သားများ ဖီဆန်
Donate to DVB

ပြည်ပရောက်မြန်မာလုပ်သားအများစုဟာ စစ်ကောင်စီညွှန်ကြားထားတဲ့ မိသားစုဆီ လစဥ် လစာရဲ့ ၂၅ ရာခိုင်နူန်း တရားဝင်ဘဏ်စနစ်နဲ့ လွှဲပို့ဖို့ဆိုတဲ့အချက်ကို ဖီဆန်ပြီး တခြားနည်းလမ်းပဲ ဆက်လက်ကျင့်သုံးနေတယ်လို့ ကာယကံရှင်အလုပ်သမားတွေဆီက သိရပါတယ်။

စစ်ကောင်စီက စက်တင်ဘာလကစပြီး ပြည်ပရောက်အလုပ်သမားတွေကို လစာရဲ့ ၂၅ ရာခိုင်နှုန်း တရားဝင်လွှဲပို့ဖို့ ညွှန်ကြားခဲ့သလို အဲဒီလကစပြီး ပြည်ပထွက်မယ့် အလုပ်သမားတွေကို ညွှန်ကြားချက်အတိုင်း လိုက်နာမယ့်အကြောင်း ဝန်ခံလက်မှတ် ရေးထိုးခိုင်းတာတွေ ပါရှိခဲ့တာဖြစ်ပါတယ်။

ဂျပန်ရောက်မြန်မာလုပ်သားတဦးက "သိရသလောက်ကတော့ စကစ အမိန့်အတိုင်း လိုက်နာငွေလွှဲတဲ့သူမရှိဘူး။ ဝန်ခံလက်မှတ်ရေးထိုးပြီး ရောက်လာတဲ့ အလုပ်သမားတွေလည်း မသက်သာလို့သာ လက်မှတ်ထိုးခဲ့တာ၊ သူတို့လည်း မလွှဲကြဘူးလို့ သိရတယ်" လို့ ပြောပါတယ်။

ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုဆီ တရားဝင်ငွေလွှဲပို့တာမျိုး လိုက်နာဖို့ ပျက်ကွက်ရင် လုပ်သက်ပြည့်လို့ မြန်မာနိုင်ငံပြန်ရောက်ပြီးနောက်မှာ နောက်တကြိမ် ပြည်ပထွက်ခွင့်မပေးဘဲ အရေးယူမယ်လို့ စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်မှုတွေ ပြုလုပ်ထားသေးတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းနဲ့နီးစပ်သူတွေက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီအကျိုးဆောင်တဦးက "ငွေလွှဲကိစ္စကို ဖိအားပေးချုပ်ကိုင်ဖို့ဆိုတာ မလွယ်ဘူး။ အလုပ်သမားရဲ့ ကိုယ်ပိုင်အခွင့်အရေးပဲလေ။ သူရတဲ့ငွေ သူလွှဲချင်လွှဲမယ်၊ သုံးချင်သုံးမယ်။ အရင်ကတည်းက နိုင်ငံခြားရောက်ပြီး မိသားစုဆီ ငွေပြန်မလွှဲတာတွေတောင်ရှိတာ။ အခုလည်း နောက်ထွက်တဲ့ အလုပ်သမားတွေ လိုက်နာတယ်လို့ မကြားမိဘူး" လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ အလုပ်သမားတွေ မိသားစုဆီလွှဲပို့ငွေကို တရားဝင်လွှဲပို့အောင် ကြပ်မတ်ဆောင်ရွက်ဖို့ အေဂျင်စီတွေကို တာဝန်ယူခိုင်းထားတာတွေရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်ပရောက်မြန်မာတွေကို ဝင်ငွေရဲ့ ၂ ရာခိုင်နှုန်းအခွန်ဆောင်ဖို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ကြပ်မတ်အကောင်အထည်ဖော်မှုတွေ ရှိခဲ့ပါတယ်။

အခွန်ဆောင်ထားတဲ့သူတွေကိုပဲ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာ၊ ကောင်စစ်ဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်ပေးတာမျိုး ပြုလုပ်ပေးမယ်ဆိုပြီး စစ်ကောင်စီသံရုံးတွေက အကျပ်ကိုင်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ နိုင်ငံခြားငွေ လိုအပ်ချက်များနေတာကြောင့် ပြည်ပရောက် မြန်မာတွေဆီက နိုင်ငံခြားငွေရရှိဖို့ အသည်းအသန်ကြိုးစားနေတာကြောင့် မလိုက်နာကြဖို့ NUG အစိုးရက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013