DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် ငါးမျှားပြီးပြန်လာသည့် အမျိုးသမီး ၂ ဦး မိုင်းနင်းမိပြီး ၁ ဦးခြေပြတ်
DVB
·
January 12, 2024
တနင်္သာရီတွင် ငါးမျှားပြီးပြန်လာသည့် အမျိုးသမီး ၂ ဦး မိုင်းနင်းမိပြီး ၁ ဦးခြေပြတ်
Donate to DVB

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် ၅၆၁ တပ်ရင်းအနီးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းက ငါးမျှားပြီးပြန်လာတဲ့ အမျိုးသမီး ၂ ဦး မိုင်းနင်းမိပြီး ၁ ဦး ခြေတဖက်ပြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုင်းနင်းမိသူနှစ်ဦးမှာ အသက် ၃၀ အရွယ် မမီးကင်းနဲ့ အသက် ၅၀ အရွယ် ဒေါ်သွယ်ဆိုသူ အမျိုးသမီးတို့ဖြစ်ကြပြီး တပ်ရင်းအနီးရှိ ဥယျာဥ်ခြံလမ်းတနေရာမှာ စစ်တပ်ကထောင်ထားတဲ့ မိုင်းကို နင်းမိခဲ့တာလို့ သိရပါတယ်။

ကျေးရွာနေပြည်သူတဦးက “ငါးမျှားပြီးအပြန် ဒီလမ်းကိုဖြတ်လာရင်း မိုင်းနင်းမိတာပါ။ တယောက်က ခြေပြတ်သွားတယ်။ ကျန်တယောက်က ထိတာလောက်ပဲ။ ခြေပြတ်တဲ့တယောက်က စစ်သားရဲ့ယောက္ခမပါ။ အရင်ကတယောက်လည်း အဲ့တပ်ရင်းနားမှာ မိုင်းနင်းမိဖူးတယ်။ သူလည်း တပ်က စစ်သားတဦးရဲ့ ယောက္ခမပါပဲ” လို့ ပြောပါတယ်။

မိုင်းနင်းမိပြီး ချက်ချင်း ခမရ ၅၆၁ တပ်ရင်းကနေ စစ်သားတွေက အခင်းဖြစ်ပွားရာနေရာကို ရောက်လာပြီး ဒဏ်ရာရအမျိုးသမီး ၂ ဦးစလုံးကို မြိတ်မြို့က တပ်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “သူ့မိသားစုထဲက တယောက်လောက် လိုက်သွားတယ်ဆိုပေမဲ့ ဓာတ်ပုံမပေးရိုက်ရ၊ အပြင်လူ လုံးဝပေးမသိရ၊ သတင်းမီဒီယာတွေဆီ ရောက်သွားမှာကြောင့် ထင်တယ်။ အပြင်လုံးဝမပေါက်ကြားစေဘဲ သူတို့ဟာသူတို့ သိုသိုဝှက်ဝှက်နဲ့ တပ်ဆေးရုံမှာ ကုပေးနေကြတယ်။ မမီးကင်းလည်း ခေါ်သွားတယ်။ သူတော့ စိုးရိမ်စရာမရှိဘူး ကြားတယ်” လို့ ပေြာပါတယ်။

မိုင်းနင်းမိလို့ ခြေတဖက်ဆုံးရှုံးသွားတဲ့ ဒေါ်သွယ်ဆိုတဲ့ အမျိုးသမီးမှာ တပ်ရင်းထဲနေထိုင်သူ ဖြစ်ပြီး သူ့ရဲ့သမီးဖြစ်သူက ညောင်ပင်ကွင်း ခမရ ၅၆၁ တပ်ထဲက တပ်ကြပ်တဦးနဲ့ လက်ထပ်ထားတာ ဖြစ်တယ်လို့ ဒေသခံ‌တွေဆီက သိရပါတယ်။

အခုလို မိုင်းနင်းမိတဲ့ဖြစ်စဉ်က ညောင်ပင်ကွင်း ခမရ ၅၆၁ တပ်ရင်းအနီးမှာ အရင် ၂ဝ၂၃ မတ်လ ၁၄ ရက်နေ့တုန်းကလည်း တကြိမ်ဖြစ်ခဲ့ဖူးပြီး အဲဒီတပ်ရင်း အနောက်ဘက်မှာ သီဟိုဠ်စေ့သွားကောက်တဲ့ တပ်တွင်းနေထိုင်သူ အမျိုးသမီးတဦးလည်း မိုင်းနင်းမိတဲ့ ဖြစ်စဉ် ရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013