
ရန်ကုန်တိုင်းအတွင်းက လျှပ်စစ်ဓာတ်ကြိုးသွယ်တန်းတာကို စနစ်ကျလာစေဖို့နဲ့ အရည်အသွေးကောင်းတဲ့ ကြိုးတွေ အစားထိုးဖို့အတွက် ဘဏ္ဍာငွေ အခက်အခဲရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဉာဏ်ထွန်းဦးက ပြောပါတယ်။
ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်ကြိုးတွေ စနစ်မကျလို့ ပြတ်ကျ လူသေဆုံးတာတွေ ရှိနေလို့ ပြုပြင်ပေးဖို့ အဆိုကို သြဂုတ် ၂၅ ရက်နေ့က ရန်ကုန်တိုင်း လွှတ်တော် မှာ ဆွေးနွေးခဲ့တာပါ။
ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မာရဲ့ အဆိုကို ကိုယ်စားလှယ် ၈ ယောက်က ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးကြရာမှာ နာဂစ်တုန်းက ပြတ်ကျခဲ့တဲ့ ကြိုးတွေကို အချိန်မီ ပြန်ဆက်ခဲ့ရတဲ့ အတွက် သွယ်တန်းတဲ့ အရည်အသွေးကျဆင်းတာ၊ ကြိုးတွေ အရည်အသွေး မကောင်းတော့တာ စတာတွေကို ဆွေးနွေးကြသလို မြေအောက်ကြိုးသွယ်တန်းတဲ့စနစ်နဲ့ ဆောင်ရွက်ဖို့ကိုလည်း အကြံပြု ဆွေးနွေးကြပါတယ်။
ပြီေးတာ့ ကြိုးပြတ်ကျတာတွေရှိခဲ့ရင် အောက်ခြေ၀န်ထမ်းကိုပဲ အရေးယူမယ်ဆိုတာမျိုး မဖြစ်သင့်ဘူးလို့လည်း ထောက်ပြဆွေးနွေးကြပါတယ်။
ရန်ကင်းမြို့နယ်အမတ် ဦးသောင်းကျော်ကတော့ သူ့မြို့နယ်က လျှပ်စစ်အင်ဂျင်နီယာနဲ့ ဆွေးနွေးရာမှာ ကျွမ်းကျင်ဝန်ထမ်းရှိပေမယ့် ပစ္စည်းမရှိလို့ မပြင်ဆင်ရကြောင်းနဲ့ ပြည်သူတွေ အန္တရာယ်ကင်းဖို့ နေ့တိုင်း မေတ္တာပို့နေရတယ်လို့ ပြောကြောင်း ဆွေးနွေးရာမှာ ထည့်သွင်း ပြောကြားပါတယ်။
ဗဟန်းမြို့နယ်အမတ် ဒေါက်တာညိုညိုသင်းက ဆွေးနွေးရာမှာ လျှပ်စစ်ဓာတ်ကြိုးတွေ စနစ်တကျ သွယ်တန်းနိုင်ဖို့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရန်ပုံငွေ၊ တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေက မသုံးနိုင်ဘူးလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဉာဏ်ထွန်းဦးက လက်ရှိမှာ လျှပ်ကာပါတဲ့ ဓာတ်ကြိုးတွေ သွယ်တန်းဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။ အဆိုကို လွှတ်တော်မှာ မှတ်တမ်းတင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
အခုနှစ်အတွင်းမှာ လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် လှိုင်သာယာမှာ ဈေးဝယ်နေတဲ့ အမျိုးသမီး ၃ ဦး နဲ့ မြောက်ဥက္ကလာပမြို့နယ် မှာ ကန်စွန်းရွက်ခူးနေတဲ့အမျိုးသားတဦးတို့ သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ကမာရွတ်မြို့နယ် လှည်းတန်းဈေးအနီးမှာလည်း လျှပ်စစ်ဓာတ်ကြိုးပြတ်ကျတဲ့အတွက် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ သေဆုံးခဲ့ရပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်











