DVB Logo
Home
မြန်မာသတင်း
နောင်ဖာမူရွာကို စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲ၊ တိုက်ပွဲကြောင့် ခင်ဦးဒေသခံများ စစ်ရှောင်နေရ
DVB
·
January 11, 2024
နောင်ဖာမူရွာကို စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲ၊ တိုက်ပွဲကြောင့် ခင်ဦးဒေသခံများ စစ်ရှောင်နေရ
Donate to DVB

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် နောင်ဖာမူကျေးရွာကို ဇန်နဝါရီ ၉ ရက် မနက်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံး ၁၀ လုံးထက်မနည်း ကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်တွေ ထိခိုက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ အမျိုးသားတဦးက “မနက်အစောကြီး ငါးနာရီလောက် လာကြဲသွားတယ်။ လူတွေက အတော်များများ နိုးနေပြီဆိုတော့ လေယာဉ်သံ ကြားကတည်းက ဗုံးခိုကျင်းထဲ ဝင်နေကြတာ ထိခိုက်မှုမရှိဘူး။ ရွာပြင်နဲ့ ရွာထဲကို ဗုံး ၁၀ လုံးလောက် ကြဲသွားတယ်။ ရွာထဲက အိမ် ၅ လုံးလောက် ထိခိုက်ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နဲ့ ၂၅ ရက်တွေမှာလည်း တပ်က နောင်ဖာမူရွာကို နှစ်ရက် ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါသေးတယ်။

နောင်ဖာမူကျေးရွာအုပ်စုမှာရှိတဲ့ ပေကုန်း၊ တပ်ကုန်းနဲ့ နောင်ဖာမူရွာက ဒေသခံတွေဟာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံနေရတဲ့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲကို စစ်ကောင်စီ ခြေလျင်စစ်ကြောင်း ထိုးနေတာကြောင့် ဇန်နဝါရီ ၁၀ ရက်က စတင်ကာ ပြည်သူထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ စစ်တပ်ကနေ စတင်ထွက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ စစ်ဘေးရှောင်ကူညီရေး အလင်းသစ်အဖွဲ့ ခေါင်းဆောင်တဦးက “ရေဦး အထိုင်စခန်းကို ရိက္ခာနဲ့ လက်နက်တွေ ပို့တာဖြစ်မယ်ဗျ။ အဲ့ ခင်ဦးကနေ အင်အား ၈၀ နဲ့ ခင်ဦးအနောက်ခြမ်း ကျေးရွာတွေဆီ ထွက်လာတာဗျ။ သူတို့စစ်ကြောင်းထိုးလာတော့ ဒေသခံတွေကတော့ ထုံစံအတိုင်း ထွက်ပြေးရတယ်။ ထွက်ပြေးရတဲ့ ကျေးရွာတွေက အင်တိုင်းကြီးရွာ၊ တဲစုကျေးရွာ ဒေသခံတွေ ထွက်ပြေးရတယ်။ စစ်ဘေးရှောင်တွေကလည်း အရမ်းများတော့ ထမင်းထုပ်ဝေရတာတောင် မလောက်လို့ ထမင်းမစားရတဲ့ စစ်ဘေးရှောင်တွေလည်း ရှိတယ်။ အဆင်မပြေတာတွေကတော့ ရာသီဥတုက အေးပါတယ်ဆိုနေ မြေကြီးအိပ်ရတာ‌ဆိုတော့ ကျန်းမာရေးတွေ ထိခိုက်လာနိုင်တယ်” လို့ ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မွန်းတည့် ၁၂ နာရီခွဲလောက် တဲစုကျေးရွာနဲ့ ပျဉ်ထောင်ပျူရွာကြားမှာ KSO အဖွဲ့နဲ့ ခရိုင်တပ်ရင်း ၃၊ KSO-KURDAF Drone အဖွဲ့၊ ခင်ဦးမြို့နယ် ပကဖ၊ Wolf Guerrilla Force Local PDF၊ YE U၊ ARF၊ KUGF၊ Drone ပူးပေါင်းအဖွဲ့တို့နဲ့ နယ်မြေခံမဟာမိတ်တပ်ဖွဲ့တွေ ပူပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့  KSO အဖွဲ့ တာဝန်ရှိသူ ဗိုလ်အလင်းရောင်က ပြောပါတယ်။

“တိုက်ပွဲကိုတော့ ခရိုင်တပ်ရင်း ၃ က ဦးဆောင်တိုက်ခိုက်ခဲ့တာဗျ။ ကနဦး ဒရုန်းနဲ့ အရင်တိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီဘက်က ၂ ဦး ကျဆုံးတယ်။ နောက်ပြီး မြေပြင် ထိပ်တိုက် တိုက်ပွဲကတော့ ၂ ဦး စစ်ကောင်စီဘက်က ထပ်ကျတယ်ဗျ။ စုစုပေါင်း ၄ ဦး စစ်ကောင်စီဘက်က ကျတယ်။ ကျနော်တို့ဘက်က မူးဘောင်တာရိုးကို အမာခံ ခံစစ်လုပ်ပြီး တိုက်လို့ အကျအဆုံး မရှိခဲ့ဘူး။” 

စစ်ကောင်စီတပ်ကတော့ တဲစုရွာစာသင်ကျောင်းမှာ ဒီနေ့ ယာယီတပ်စွဲနေတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013