DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန် စစ်ကောင်စီနှင့်တွေ့ဆုံဟု  အပစ်ရပ်အဖွဲ့ပြော 
DVB
·
January 11, 2024
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန် စစ်ကောင်စီနှင့်တွေ့ဆုံဟု  အပစ်ရပ်အဖွဲ့ပြော 
Donate to DVB

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်နိုင်ဖို့ ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီ အပြည့်အဝရဖို့အတွက် စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ အာဆီယံ အထူးကိုယ်စားလှယ်တို့ကို  သီးခြားတွေ့ဆုံခဲ့တာလို့  အန်စီအေ အပစ်ရပ်အဖွဲ့တွေ ပါဝင်တဲ့  PPST ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေထဲက ၇ ဖွဲ့ဟာ စစ်ကောင်စီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီးရာပြည့် ခေါင်းဆောင်တဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) အပြင် အာဆီယံအထူးကိုယ်စားလှယ်နဲ့ပါ နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။

အပစ်ရပ် ၇ ဖွဲ့က ခေါင်းဆောင်တွေဟာ ဇန်နဝါရီ ၉ ရက်မှာ စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ အန်စီအေစာချုပ်အရ ဆက်လက် အကောင်အထည်ဖော်ရမယ့်လုပ်ငန်းစဉ်တွေကို ဘယ်လို ဆက်လက်ဆောင်ရွက်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပြီး လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေတဲ့ နိုင်ငံရေး စစ်ရေးအခြေနေတွေကို ဆွေးနွေးခဲ့တာမရှိဘူးလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ပြောရေးဆိုခွင့်ရှိသူ နန်းယဉ်ယဉ်စိုး က ဒီဗွီဘီကို ပြောပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အာလွန်ကဲအို ကစ်တီကွန်နဲ့လည်း ဇန်နဝါရီ ၁၀ ရက်မှာ တွေ့ဆုံပြီး လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့အခက်ခဲတွေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်အပြင် လူသားချင်းစာနမှု အကူအညီတွေ အပြည့်အဝရရှိရေးကို  အန်စီအေ အပစ်ရပ်အဖွဲ့တွေ ဘက်က ဆွေးနွေးခဲ့ပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ကတော့ သူတို့အနေနဲ့ အာဆီယံဘုံသဘောတူညီချက်အပေါ်မှာ ဆက်လက်ရပ်တည် အကောင်အထည်ဖော်သွားမှာဖြစ်ပြီး အရင်တာဝန်ယူခဲ့တဲ့အထူး ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတိုင်ပင်ကာ မြန်မာနိုင်ငံအရေးကို ဖြေရှင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အာဆီယံက မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်ကို စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလက ဂျာကာတာမှာ ကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်များအထူးအစည်းအဝေးမှာ ချမှတ်ခဲ့တာဖြစ်ပြီး ခုချိန်အထိ တချက်မှ အကောင်အထည်ဖော်နိုင်တာ မရှိတဲ့အတွက် လက်ရှိ အာဆီယံအလှည်ကျဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံက မြန်မာနိုင်ငံအရေး ကိစ္စကို ဆက်လက် ဖြေရှင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံပွဲကို အပစ်ရပ် ၇ ဖွဲ့ဖြစ်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊ မွန်ပြည်သစ်ပါတီ (MNSP)၊  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) အဖွဲ့တွေ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ 

အောင်သူ 

Photo-NCA-S EAO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013