DVB Logo
Home
မြန်မာသတင်း
ကရင်တိုင်းရင်းသားအခွင့်အရေး နှောင့်ယှက်တားဆီးမှုများကို ဆန့်ကျင်တော်လှန်ရန် ကေအန်ယူ တိုက်တွန်း   
DVB
·
January 11, 2024
ကရင်တိုင်းရင်းသားအခွင့်အရေး နှောင့်ယှက်တားဆီးမှုများကို ဆန့်ကျင်တော်လှန်ရန် ကေအန်ယူ တိုက်တွန်း   
Donate to DVB

အဓမ္မလုယူ ဖျက်ဆီးခံရတဲ့ အခွင့်အရေးတွေကို ပြန်ရဖို့၊ ကရင်နဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးတွေ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဖျက်ဆီးတဲ့ အတားအဆီးတွေကို ဆန့်ကျင်တော်လှန်ရမှာဖြစ်သလို ကရင်လူမျိုးတွေရဲ့ အသက်ရှင်နေထိုင်မှုနဲ့ ဖြစ်တည်မှုကို ပျက်စီးအောင် လုပ်ဆောင်မယ့် ဘယ်လိုကိစ္စကိုမဆို ဆန့်ကျန်တော်လှန်ဖို့  ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ  ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ပြာသိုလဆန်း ၁ ရက် ဇန်နဝါရီ ၁၁ ရက်မှာ ကျရောက်တဲ့ ၂၇၆၃ ခုနှစ်ပြည့် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပေးပို့တဲ့သဝဏ်လွှာမှာ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုလိုက်တာပါ။

ကရင်အမျိုးသားတွေရဲ့ ဝိသေသလက္ခဏာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်သလို၊ ကရင်လူမျိုးတွေရဲ့ နေထိုင်ဖြစ်တည်မှုနဲ့ တိုးတက်မှုတွေကို ပျက်စီးစေတဲ့အရာတွေကို ဆန့်ကျင် တော်လှန်ဖို့လည်း လိုအပ်နေပြီလို့ ပြောပါတယ်။

ကရင်လူမျိုးတွေရဲ့ မျှော်မှန်းချက်တွေနဲ့ ဒီတိုင်းပြည်မှာ နေထိုင်တဲ့ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ လိုလားချက်အရ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ ပထမဆုံးထားရှိတဲ့ ရည်မှန်းချက်ဟာ လွတ်လပ် တရားမျှတပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ကော်သူးလေကို တည်ဆောင်ဖို့နဲ့ တပြိုင်နက်တည်း လွတ်လပ်တဲ့ ပြည်နယ်များ၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အပေါ် အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်သွားဖို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (အန်ယူဂျီ) ကလည်း  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းယူဖို့ ကြိုးပမ်းမှုနောက်ပိုင်း ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးရဲ့  မူလဘူတ အခြေခံအခွင့်အရေးတွေ ပျက်သုဉ်းကာ တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင် ဓလေ့ထုံးတမ်း၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်တဲ့ အခွင့်အလမ်းတွေကိုလည်း အကြမ်းဖက်စစ်အုပ်စုက အကြောင်းအမျိုးမျိုးပြကာ တားဆီး ပိတ်ပင်ခဲ့တာ စိတ်မကောင်းဖွယ်ရာ တွေ့ကြုံခံစားခဲ့ရတယ်လို့ ကရင်နှစ်သစ်ကူး အထိမ်းအမှတ် သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ဒါကြောင့် အခု ကရင်နှစ်သစ်ကူးနေ့ အခါသမယမှာ တနိုင်ငံလုံးက တော်လှန်ရေး အင်အားစုတွေနဲ့အတူ အကြမ်းဖက်စစ်အုပ်စုကို ပြိုလဲတဲ့အထိ လက်တွဲညီညီ တိုက်ထုတ်ကာ တန်းတူညီမျှမှုနဲ့  ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ထူထောင်ပြီး ကရင်တိုင်းရင်းသားတို့ရဲ့ လူမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်နိုင်စေဖို့လည်း အန်ယူဂျီက  ဆန္ဒပြုထားပါတယ်။

ကရင်အမျိုးသားနှစ်သစ်ကူး​နေ့ အထိမ်းအမှတ်အခမ်းအနားတွေကို ကရင်ပြည်နယ် ဘားအံမြို့မှာ စစ်ကောင်စီက ဦးဆောင်ကျင်းပပြီး အဲဒီအခမ်းအနားမှာ စစ်ကောင်စီခန့် ကရင်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ နှစ်သစ်ကူးသဝဏ်လွှာကို ဖတ်ကြားခဲ့သလို ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းရဲ့  နှစ်သစ်ကူးသဝဏ်လွှာကို တပိုင်းတစ ဖတ်ကြားခဲ့ပါတယ်။

ကရင်ပြည်နယ်၊ ရန်ကုန်နဲ့ ဧရာဝတီ အပါအဝင် ကရင်အမျိုးသားတွေနေထိုင်ရာ ဒေသတွေမှာ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲတော်တွေကျင်းပကြသလို  ထိုင်းနိုင်ငံအပါအဝင် တခြားပြည်ပရောက် ကရင်တိုင်းရင်းသားတွေကလည်း သက်ဆိုင်ရာ ဒေသအသီးသီးမှာ ကရင်နှစ်သစ်ကူးပွဲတွေကို ကျင်းပကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013