
ရက် ၁၀၀ စီမံချက်အကြောင်း စပြောတဲ့ ဧပြီ ၂၀ ရက်၊ စစ်အာဏာရှင်အစိုးရအဖွဲ့ အစည်းအဝေးမှာပဲ သမ္မတတုမင်းအောင်လှိုင်က ပို့ကုန် ၂ ဆ တိုးမြှင့်ရေးလို့ စတင် စိတ်ကူးယဉ်ခဲ့တယ်။
ကုန်ထုတ်လုပ်မှု ပိုမိုတိုးတက်အောင် ဆောင်ရွက်ရာမှာ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေး (MSME) လုပ်ငန်းတွေက အရေးပါတယ်လို့လည်း ငါသိငါတတ် မင်းအောင်လှိုင်က ဆရာလုပ်လိုက်သေးတယ်။ ပြည်တွင်းကုန်ကြမ်းတွေကို သုံးပြီး ကုန်ထုတ်လုပ် နိုင်ရင် အကျိုးများပြီး ဒေသကုန်ကြမ်းသုံး MSME လုပ်ငန်းတွေ ပိုမိုတိုးတက်နေတာ တွေ့ရတယ်လို့လည်း ဆိုတယ်။
ကုန်ပစ္စည်းများများ ထုတ်နိုင်ရင် ပြည်တွင်းလိုအပ်ချက်ကို ဖြည်းဆည်းပေးနိုင်ရုံတင်မက ပြည်ပ လည်းပို့ကာ နိုင်ငံခြားဝင်ငွေလည်း ရရှိမယ်လို့ စစ်ဗိုလ်ချုပ်တို့စတိုင်အတိုင်း မပြီးနိုင်မဆီးနိုင် လွှတ်တော့တယ်။
မေ ၂၆ ရက်၊ စစ်အာဏာရှင်အစိုးရအစည်းအဝေးမှာတော့ စားသုံးဆီဖူလုံရေး။ ပြည်တွင်းမှာ ဆီထွက်သီးနှံတွေ ဒီလောက်စိုက်ပျိုးနေတာတောင် ပြည်ပကနေ စားအုန်းဆီ တင်သွင်းနေရတာ မဖြစ်သင့်တဲ့ ကိစ္စ၊ ဆီထွက်သီးနှံ များများစိုက်ကြ၊ ကိုယ့်ပြည်တွင်းမှာတင် စားသုံးဆီဖူလုံအောင် ထုတ်ကြပေါ့။ သမ္မတုမင်းအောင်လှိုင်က စားသုံးဆီအတွက် နိုင်ငံခြားငွေ ကုန်ကျနေတာကို ဘဝင်မကျ။
ရက် ၁၀၀ စီမံချက်ကာလ ဇူလိုင် ၁၃ ရက်အထိ အစည်းအဝေး ၄ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်တယ်။ ဧပြီ ၂၀ ၊ မေ ၆ ရက်၊ မေ ၂၆ နဲ့ ဇွန် ၉ ရက်နေ့ အစည်းအဝေးတွေမှာ မင်းအောင်လှိုင်ပြောကြားတဲ့ မိန့်ခွန်းတွေက နိုင်ငံ့စီးပွားရေးအားကောင်းလာစေရေးအတွက် MSME လုပ်ငန်းတွေကို အားပေးမြှင့်တင်ဖို့နဲ့ ပြည်တွင်းကုန်ကြမ်းတွေကို အသုံးပြုဖို့။
ပြီးတော့ ရက် ၁၀၀ အတွင်း ပြင်ဦးလွင်နဲ့ မန္တလေးမှာ MSME လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ။ တိုးမြှင့်ထုတ်လုပ်ကြ၊ နိုင်ငံခြားတင်ပို့ကြ။ အစိုးရတုရဲ့ ဆောင်ပုဒ်ကိုက “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” လို့လည်း ဟစ်ကြွေးထားတယ်မဟုတ်လား။
ဒါ့အပြင် ဇွန် ၂၇ ရက်၊ MSME လုပ်ငန်းများနေ့ အခမ်းအနားကျင်းပကာ တက်ရောက်မိန့်ခွန်းပြော၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးမှာလည်း မိန့်ခွန်းပြော။ ဇွန် ၂၅ ရက် ဒီအစည်းအဝေးမှာ မင်းအောင်လှိုင် စိတ်ကူးယဉ်လိုက်တာမှ အလွန်။ MSME လုပ်ငန်းတွေဟာ နိုင်ငံအတွက် အရေးပါတဲ့ စီးပွားရေးမောင်းနှင်အားတခု။ MSME လုပ်ငန်းမှသည် ပြည်ပပို့ကုန်၊ နိုင်ငံခြားဝင်ငွေ တိုးတက်များပြား၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်၊ မစားရဝမခန်း။ (ပြည်တွင်းထွက်ကုန်ကြမ်းနဲ့ ကုန်ပစ္စည်း ထုတ်လုပ်ပြီး ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားငွေရရှိရေးဆိုတာ မင်းအောင်လှိုင် မိန့်ခွန်းထဲမှာသာ လွယ်ပြီး တကယ့်လက်တွေ့မှာ ကမ္ဘာကြီးမက ခြားနေတယ်ဆိုတာ စက်မှုဇုန်လုပ်သားတွေတောင် သိရှိကြပါတယ်။)
ရက် ၁၀၀ ကာလအတွင်း မင်းအောင်လှိုင်ရဲ့ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ မိန့်ခွန်းတိုင်းမှာလည်း MSME လုပ်ငန်းအကြောင်း အာတွေ့လျှာတွေ့ ပြောကြားခဲ့တာ တွေ့ရသလို MSME ဖွံ့ဖြိုးရေးနဲ့အတူ ပြည်တွင်းကုန် ကြမ်းသုံးစွဲရေး၊ နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချရေးနဲ့ နိုင်ငံခြားငွေရရှိမှု များပြားလာရေးအထိ ဆက်စပ်ပြောကြားတာ တွေ့ရတယ်။
ဒါကို နောက်တမျိုး ထပ်ပြောရရင် နိုင်ငံခြားငွေ ပြာခါနေတဲ့ နေပြည်တော်စီးပွားရေးအခြေအနေကို မင်းအောင်လှိုင် အမှန်အတိုင်း သိရှိနားလည်နေခြင်းလို့ ဆိုရပါမယ်။
မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ ရှိနှင့်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ဆုတ်ခွာမှု တလူလူလွင့်နေသလို ထုနဲ့ထည်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်မှု အသစ်ကလည်း လုံးဝမရှိ။ ပြည်ပပို့ကုန်တွေကလည်း တစစ လုံးပါးပါးလာတဲ့အချိန်မှာ နေ့စဉ် နင်လား ငါလားတိုက်နေရတဲ့ စစ်စရိတ်ကလည်း နင့်နေတာမို့ နေပြည်တော်စီးပွားရေးက ငယ်သံပါလာတာ သေချာတယ်။
ကမ္ဘာပတ်ပြီး ပိုက်ဆံလှည့်ချေးရအောင်ကလည်း နေပြည်တော် သက်ဆိုးရှည်ရေး မတည်ပေးနေ တဲ့ တရုတ်ကြီးကတောင် ငွေမချေးဘူးဆိုတော့ နိုင်ငံခြားငွေရရှိရေးနဲ့ နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချရေးကို နေ့စဉ် နက်နက်တွေးရတော့တယ်။
နေ့စဉ် စစ်မတိုက်လို့လည်း မရ၊ လေကြောင်းကနေ ဗုံးမကြဲဘူးဆိုရင် မြေပြင်စစ်ကြောင်းတွေ ပြုတ် ပြုတ်ပြုန်းနိုင်တာကြောင့် စရိတ်ကြီးတဲ့ တိုက်လေယာဉ်တွေ ကောင်းကင်မှာမစဲ တဝီဝီ တက်နေကြရ။ စစ်တိုက်ဖို့ရာ လိုအပ်တဲ့ လူသားအရင်းအမြစ်ကလွဲ ကျန်စစ်အသုံးအဆောင် ပစ္စည်းတွေကို နိုင်ငံခြားငွေနဲ့ ပေးဝယ်မှသာ ရတာမဟုတ်လား။ ဒါနဲ့၊ အများပြည်သူတွေအတွက် လိုအပ်ချက်အထွေထွေ ပြည်ပက မှာယူတင်သွင်း ရတာတွေကို နိုင်ငံခြားငွေ ချွေတာရေးအတွက် အစိစစ်ကြီး စိစစ်ကာ သွင်းကုန်လိုင်စင်တွေကို ပိတ်ရတော့တယ်။
စားသောက်ကုန်လုပ်ငန်းတချို့အတွက် ပြည်တွင်းမှာရှိတဲ့ အရည်အသွေးနိမ့်ကုန်ကြမ်းတွေနဲ့ အလုပ်ဖြစ်အောင် ထုတ်လုပ်နိုင်ပေမဲ့လည်း စက်မှုကုန်ကြမ်းတွေနဲ့ လည်ပတ်ရတဲ့ စက်ရုံတွေအတွက် တရားမဝင်လမ်းကြောင်းတွေကနေ ကုန်ကြမ်းခိုးသွင်းလို့ ရသလောက်နဲ့ လည်။ ကုန်ကြမ်းမရှိတော့ရင် ရပ်နဲ့ ရန်ကုန် စက်မှုဇုန်တွေမှာ မီးခိုးမထွက်တော့တဲ့ စက်ရုံတွေလည်း တစစ များလာခဲ့တယ်။
နေပြည်တော်အထိ ပေါက်ရောက်တဲ့ လုပ်ငန်းရှင်တွေက ကုန်ကြမ်းတင်သွင်းဖို့ လိုအပ်တဲ့ ဒေါ်လာကို ဗဟိုဘဏ်က ချပေးစရာမလို၊ ကိုယ့်ဘာသာ ဈေးကွက်ထဲ ရှာဝယ်မယ်လို့ ပြောကြည့်တော့လည်း မင်းအောင်လှိုင်က လက်မခံဘူးလို့ သတင်းတချို့က ဖော်ပြတယ်။
ပြောရရင် ရက် ၁၀၀ စီမံချက်ထဲမှာ နိုင်ငံခြားငွေ နိုင်ငံခြားမထွက်ရေးမူကို တပြားသားမှ မလျှော့ဘဲ အတင်းကျပ်ဆုံး ဆုပ်ကိုင်ထားတဲ့ပုံ။ မြဝတီကုန်သွယ်ရေးလမ်းကြောင်း စစ်တပ် ထိန်းချုပ်မှုအောက် ပြန်ရောက်ပြီဖြစ်ပေမဲ့ သွင်းကုန်လိုင်စင် ချမပေးတာကြောင့် ထိုင်းနိုင်ငံထုတ် လူသုံးကုန်ပစ္စည်းတွေက မဆလ ခေတ်တုန်းကလို တရားမဝင် မှောင်ခိုပစ္စည်း ဖြစ်လာတယ်။
“အရင်တုန်းက အောက်လမ်းကနေ ထိုင်းပစ္စည်းတွေ ခိုးသွင်းကြတယ်။ အခု ရက် ၁၀၀ လည်းစရော လိုင်းစင် မပေးတဲ့အပြင် အောက်လမ်းက ဝင်လာတဲ့ပစ္စည်းတွေကိုပါ ပိုက်စိပ်တိုက် ဖမ်းနေလို့ ဘာမှ ပို့မရတော့ဘူး”လို့ ရန်ကုန်အခြေစိုက် လုပ်ငန်းရှင်တယောက် ပြောပြတယ်။
ဒီလောက် ဝန်ထမ်းတွေ လာဘ်အစားကြမ်းနေတာ ဘာ့ကြောင့် မှောင်ခိုတင်လာတဲ့ကုန်ပစ္စည်းတွေ အဖမ်းခံနေရတာလဲဆိုတော့ နေပြည်တော်ရဲ့ အတင်းကျပ်ဆုံး တိုက်ရိုက် ကိုင်တွယ်မှုတွေကြောင့် ဖြစ်တယ်။ တခြားကြိုက်တဲ့နေရာမှာ ကြိုက်သလို လာဘ်စား၊ ဒီနေရာမှာတော့ လာဘ်မစားနဲ့ မီးပွင့်သွားမယ်ဆိုတာမျိုး။ အရင် ရက်၁၀၀ မတိုင်ခင်က လိုင်စင်မဲ့ ခိုးသွင်းလာတဲ့ ထိုင်းပစ္စည်းတွေကိုဂိတ်အဆင့်ဆင့်က လိုင်းကြေးယူ လွှတ်ပေးခဲ့ပေမဲ့ အခု လုံးဝမလွှတ်ရဲတော့တဲ့ အခြေအနေ။ ထား။
အခုလည်း နိုင်ငံခြားငွေ နိုင်ငံခြားမထွက်ရေးမူရဲ့ နောက်ဆက်တွဲရလဒ် နိုင်ငံခြားကနေ မှာယူတင် သွင်းနေရတဲ့ စားအုန်းဆီလည်း ပြဿနာတွေ ပေါ်နေရပြီ။ သမ္မတတု ပြောခွင့်ရ ခိုင်ခိုင်စိုးကပြည်သူတွေရဲ့ ဆီသုံးစွဲမှု လိုအပ်ချက်ကို ဖြည့်တင်းဖို့ တလကို စားအုန်းဆီ တန်ချိန် ၅၀,၀၀၀ ကျော် တင်သွင်းရပြီး အမေရိကန်ဒေါ်လာ ၅၈ သန်းကျော် ကုန်ကျတယ်လို့ ဆိုတယ်။ပ ပြီးတော့ နိုင်ငံခြားငွေရရှိမှုအပေါ် မူတည်ပြီးတော့မှ ချင့်ချိန်ဆောင်ရွက်ရတာကြောင့် ဆီကိုယ်တာ လျှောချမှုတွေ ဖြစ်လာတယ်လို့လည်း ဆိုတာကြောင့် စားအုန်းဆီ တင်သွင်းမှုကို လျှော့ချ လိုက်တဲ့ပုံ။
ဆိုတော့ လတ်တလော ဈေးကွက်ထဲမှာ စာအုန်းဆီရည်ညွှန်းဈေးထက် ၃ ဆလောက်တက် သွားပြီး လိုသလောက် ဝယ်မရတော့ဘူးလို့ DVB သတင်းက ဖော်ပြတယ်။
ပြည်တွင်းမှာ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေပြီး ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုကို မြှင့်တင်ကာ ပြည်ပကနေ စားအုန်းဆီတင်သွင်းမှုကို အဆင့်ဆင့်လျှော့ချမယ်လို့ အစိုးရတုက ရည်မှန်းထားတာကြောင့် နောက်လတွေမှာလည်း စားအုန်းဆီ တင်သွင်းမှု ပုံမှန်အတိုင်း ပြန်ဖြစ်ပါ့မလားလို့ မေးခွန်းထုတ် ချင်စရာ။
ဘာ့ကြောင့် စားအုန်းဆီ တင်သွင်းမှုကို လျှော့ချရတာလဲဆိုတော့ စစ်စရိတ်ကို ကုန်ချင်သလောက် ကုန် ပုံအောသုံးနေရတဲ့ နေပြည်တော်ဟာ နိုင်ငံခြားငွေ ဝင်ငွေတွေလည်း များများစားစား မရှိတာကြောင့် ပြည်သူတွေအတွက် မဖြစ်မနေသုံးရမဲ့ နိုင်ငံခြားငွေတွေကိုပဲ ရသလောက် လိုက်လျှော့ချနေမှန်း သိသာ ထင်ရှားလှတယ်။
ဒါဟာ တိုင်းပြည်ကို မွဲဆေးဖော်ခဲ့တဲ့ အာဏာသိမ်းစစ်ရူးတွေကိုယ်တိုင် မျက်ဖြူဆိုက်နေကြောင်း ဖော်ပြချက်ပါပဲ။ မအောင်မြင်တဲ့ အာဏာသိမ်းမှု ၅ နှစ်ကျော်လာချိန် စီးပွားရေးစစ်မျက်နှာမှာ နေပြည်တော် အလဲအကွဲဖြစ်နေတာ မင်းအောင်လှိုင်ရဲ့ ရက်၁၀၀ မိန့်ခွန်းတွေက သက်သေခံနေ ပါတယ်။
လင်းဆက်ငြိမ်းချမ်း










