DVB Logo
Home
မြန်မာသတင်း
စစ်တပ် သတ်ဖြတ်မှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း အမျိုးသမီး ၃၀၀ ကျော် သေဆုံး
DVB
·
January 9, 2024
စစ်တပ် သတ်ဖြတ်မှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း အမျိုးသမီး ၃၀၀ ကျော် သေဆုံး
Donate to DVB

စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၃ ဇန်နဝါရီ ၁ မှ ဒီဇင်ဘာလ ၃၁ အတွင်း  စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် အမျိုးသမီး ၃၉၂ ဦး သေဆုံးခဲ့တယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့  ဇန်နဝါရီ ၂  ရက်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သေဆုံးသူအမျိုးသမီးအများစုဟာ လက်နက်ကြီး ထိမှန်တာတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဖမ်းဆီးခံထားရတဲ့အတောအတွင်း သေဆုံးတာတွေ၊ ပစ်သတ်ခံရတာတွေ၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတာတွေ စတဲ့အကြောင်းရင်းတွေကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုသေဆုံးသူ အမျိုးသမီးဦးရေဟာ ပြီးခဲ့တဲ့နှစ်တွေကထက် ပိုပြီးမြင့်တက်လာတာဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ အာဏာရှင်စနစ်ရဲ့ ဆိုးယုတ်မှုတွေ၊ ဥပဒေမဲ့လုပ်ရပ်တွေနဲ့ တရားစီရင်ရေး ယိုယွင်းမှုတွေကြောင့် ဖြစ်တယ်လို့ GiHman လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကော်မတီအဖွဲ့ဝင် မနှင်းဖြူဖွေး က ပြောပါတယ်။

“တော်လှန်ရေးအားကောင်းတဲ့ နယ်မြေဒေသတွေကို စစ်တပ်ရဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ၊ လူသတ် မုဒိမ်းကျင့်ခံနေရတဲ့ ဆိုးဝါးလှတဲ့သတင်းတွေ၊ အမျိုးသမီး အခွင့်အရေးအပေါ် လေးစားတန်ဖိုးထားမှုမရှိတဲ့ လူ့အဖွဲ့အစည်းတွေကြောင့်လည်း အခုလို ရုပ်ပိုင်းဆိုင်ရာအရ မဟုတ်တောင် စိတ်ပိုင်းဆိုင်ရာအရ သေဆုံးသူတွေ ရှိနေကြပါတယ်။”

ဒါ့အပြင် အမျိုးသမီးတွေအနေနဲ့ စစ်ပွဲကာလကြား ရာသီလာစဉ် တွေ့ကြုံရတဲ့ အခက်အခဲတွေအပေါ် ရင်ဆိုင်ရတဲ့ ပြဿနာတွေ၊ နှစ်ဖက်အင်အားစုတွေရဲ့ အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုတွေအပေါ် တရားစီရင်နိုင်မှု မရှိတာတွေ၊ အမျိုးသမီးတွေအပေါ် တော်လှန်ရေးအဖွဲ့အစည်းတွေမှာတောင်မှ တဆင့်နိမ့်တဲ့သတ္တဝါတွေလို ခွဲခြားဆက်ဆံနေမှုတွေ ဒုနဲ့ဒေးကို တော်လှန်အမျိုးသမီးထုအနေနဲ့ ရင်ဆိုင်နေရတယ်လို့ မနှင်းဖြူဖွေးက ပြောပါတယ်။

သေဆုံးသူအမျိုးသမီးတွေထဲမှာ  စစ်ကိုင်းတိုင်းက ၁၇၁ ဦးနဲ့  အများဆုံး သေဆုံးခဲ့တယ်လို့ အဆိုပါအစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ဒ့ါအပြင် စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ အမျိုးသမီး ၅၄၁ ဦးရှိပြီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသမီး  ၃၁၈  ဦး အထိရှိတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

၂၀၂၃  ဒီဇင်ဘာလအတွင်း အမျိုးသမီး အယောက် ၂၀ ဖမ်းဆီးခံခဲ့ရပြီး လူမှုကွန်ရက်စာမျက်နှာမှာ သတင်းမှားတွေ ရေးသားတာ၊ ဖြန့်ဝေတာတွေ ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အမျိုးသမီး ၄၀၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀၀ ကျော် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂက ထုတ်ပြန်တဲ့ အချက်အလက်အရ သိရပါတယ်။

ဓာတ်ပုံ - Burmese Women's Union

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013