DVB Logo
Home
မြန်မာသတင်း
ကျောက်တော် တောင်ရှည်တောင်ဗျူဟာက စစ်ကောင်စီတပ်သား ၂၀၀ ကျော် အညံ့ခံ
DVB
·
January 8, 2024
ကျောက်တော် တောင်ရှည်တောင်ဗျူဟာက စစ်ကောင်စီတပ်သား ၂၀၀ ကျော် အညံ့ခံ
1 / 5
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းက လက်နက်ချအညံ့ခံတဲ့ စစါကောင်စီတပ်သား ၂၀၀ ခန့် ရှိပြီး မြောက်ဦးမြို့ သင်းကျိတ်တောင် တပ်စခန်းကိုလည်း သိမ်းပိုက်ရရှိထားတယ်လို့ ဇန်နဝါရီလ ၈ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ပါတယ်။

ကျောက်တော်မြို့နယ် တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင် ဗျူဟာကုန်းက စစ်ကောင်စီတပ်သားတွေ လက်နက်ချ အညံ့ခံခဲ့ပြီးနောက် စစ်ကောင်စီရဲ့ တခြားတပ်စခန်းများတွေကလည်း လက်နက်ချ အညံ့ခံရန် (သို့မဟုတ်) ပြည်သူ့ရင်ခွင်ထဲ ဝင်ရောက်ခိုလှုံဖို့ ဆက်သွယ်လာတယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ကျောက်တော်မြို့နယ် တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်ဗျူဟာစခန်းသိမ်း တိုက်ပွဲအတွင်းမှာ ရက္ခိုင့်တပ်တော်နဲ့အတူ မိတ်ဖက်အဖွဲ့အစည်းအချို့က ရဲဘော်တွေဟာလည်း စစ်ရေးအတွေ့အကြုံယူဖို့ တက်ကြွစွာ တိုက်ပွဲဝင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

တောင်ရှည်တောင်ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်ဘက်က ဒီဇင်ဘာ ၂၅ ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတွေနဲ့ အပြင်အထန်ခုခံခဲ့ပေမဲ့ ထိရောက်မရှိတဲ့အတွက် ဇန်နဝါရီ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေဟာ လက်နက်ချ အညံ့ခံခဲ့ကြတာဖြစ်ပါတယ်။

တောင်ရှည်တောင်ဗျူဟာကုန်းသိမ်း တိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင်း အမျိုးသမီးတွေ အပါဝင် အရပ်သား ၃ ဦးထက်မနည်း သေဆုံးကာ ၁၀ ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါအပြင် မြောက်ဦးမြို့ သင်းကျစ်တော်တောင် စခန်းကိုလည်း ဇန်နဝါရီ ၇ ရက်နေ့ ညနေ ‌ေ နာရီမှာ ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ တဆက်တည်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲတွေမှာ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရခဲ့တယ်လို့ အေအေဘက်က ဆိုထားပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ စစ်စခန်းတွေအနေနဲ့ လက်နက်ချအညံ့ခံလိုက အချိန်မရွေး ဆက်သွယ်နိုင်တယ်လို့ အေအေက ထပ်မံအသိပေးထားပါတယ်။

သင်းကျစ်တော်စခန်းမှာ အေအေဘက်က အရာရှိတွေနဲ့ စစ်ကောင်စီဘက် အရာရှိတွေ ဇန်နဝါရီ ၇ ရက်နေ့က ဆွေးနွေးခဲ့ကြပြီး စစ်ကောင်စီဖက်က လက်နက်ချခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် ပလက်ဝ ဒေသတခုလုံးမှာလည်း စစ်ကောင်စီကင်းစင်တဲ့ နယ်မြေဖြစ်လာဖို့အတွက် အေအေဘက်က စစ်ကောင်စီရဲ့ စခန်းတွေကို ချေမှုန်းတိုက်ခိုက်နေပြီးတော့ ဇန်နဝါရီ ၇ ရက်နေ့မှာ ပလက်ဝ အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီရဲ့ စခန်းအားလုံးကို သိမ်းပိုက်ရရှိထားတယ်လို့ အသိပေးထားပါတယ်။

ကျန်ရှိနေသေးတဲ့ ပလက်ဝမြို့နယ်ကလည်း စစ်ကောင်စီရဲ့ တပ်စခန်းတွေကိုလည်း ဒီရက်ပိုင်းအတွင်းမှာ အပြီးသတ်ချေမှုန်း တိုက်ခိုက်သွားမယ်လို့ ဆိုထားပါတယ်။

ပလက်ဝမြို့မှာ ရဲစခန်းနဲ့ ထွေအုပ်ရုံးအပါဝင် မြို့တခုလုံးကို အေအေက သိမ်းပိုက်ထားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက သိမ်းပိုက်ခဲ့တဲ့ ပလက်ဝမြို့နယ်ရှင်းလက်ဝ(ချင်းလက်ဝ) စခန်းသိမ်းတိုက်ပွဲက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၁၀၄ ဦးဟာလည်း အိန္ဒိယနိုင်ငံအတွင်းကို အာသံရိုင်ဖယ်ရဲ့ အကူအညီနဲ့ ထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝမြို့နယ်ရှိ ပွိုင့် ၃၇၇ စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၁ ဦးဟာလည်း အိန္ဒိယနိုင်ငံထဲ ထွက်ပြေးဝင်ရောက်သွားခဲ့ပြီး အိန္ဒိယအစိုးရက ဇန်နဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီလက်ထဲကို ပြန်လည်လွှဲပြောင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013