DVB Logo
Home
မြန်မာသတင်း
ဥပဒေ အကောင်ထည်ဖော်မှု အားနည်းနေဟု လွှတ်တော်အမတ်များပြော
DVB
·
August 25, 2014
ဥပဒေ အကောင်ထည်ဖော်မှု အားနည်းနေဟု လွှတ်တော်အမတ်များပြော
Donate to DVB

တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေအနေနဲ့ ဥပဒေတွေကို အကောင်ထည်ဖော်မှု အားနည်းနေတယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေဟာ ဥပဒေအကောင်အထည်ဖော်မှု အားနည်းနေတယ်လို့ မွန်၊ ကရင်၊ ပဲခူးနဲ့ တနင်္သာရီတိုင်းဒေသကြီးက လွှတ်တော်အမတ်တွေက မွန်ပြည်နယ်လွှတ်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။

Mon state parliament copyကရင်ပြည်နယ် လွှတ်တော် အမတ်နဲ့ ဥပဒေပြုရေးဆိုင် ရာကော်မတီ ၀င် စော မင်းအောင်လင်းက “ဥပဒေတွေ အကောင်အထည်ဖော်မှု အပိုင်းကတော့ သက်ဆိုင်ရာ လွှတ်တော်နဲ့ ဥပဒေပြုရေးကော် မတီတွေက တဆင့်ပြီးတဆင့် လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ထွက်ရှိပြီးသား ဖြစ်တဲ့အတွက် နည်းဥပဒေတွေကို မရေးဆွဲတဲ့အတွက် ခေါင်းနဲ့ ကိုယ်သာရှိပြီး ခြေတွေနဲ့ လက်တွေ မရှိတဲ့လူလို ဖြစ်နေတယ်။ ဒါကြောင့် ဒီဥပဒေတွေကို အသက် ၀င်ဖို့အတွက်၊ နည်းဥပဒေတွေ ထွက်ရှိလာဖို့အတွက် အစိုးရမှာ တာဝန်ရှိတယ်” လို့ ပြောပါတယ်။

သြဂုတ် ၂၄ ရက်နေ့က ၂၅ ရက်နေ့အထိ မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်လွှတ်တော်မှာ ဥပဒေပြုလုပ်ခြင်းနဲ့ ပြည်သူတွေ ပူပေါင်းပါဝင်ခြင်း(Law Making and Public Participation) ဆိုပြီး ဆွေးနွေးခဲ့ကြပါတယ်။

အစည်းဝေးမှာ ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ဥပဒေတွေကို ပြည်နယ်အစိုးရအဖွဲ့က အကောင်အထည်ဖော်မှု အားနည်းကြတယ်လို့ တက်ရောက်လာတဲ့ လွှတ်တော်အမတ်တွေက ထောက်ပြ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်အသီးသီးက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေကို အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာအစိုးရအနေနဲ့ နည်းဥပဒေတွေ ရေးဆွဲဖို့ လိုအပ်နေတယ်ဆိုပြီး ထောက်ပြဆွေးနွေးခဲ့သလို လွှတ်တော်ကပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေကို အစိုးရအနေနဲ့ အကောင်အထည်ဖော်ရမယ့် တာဝန်ရှိတယ်လို့လည်း အခု အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။

မွန်ပြည်နယ်လွှတ်တော်အမတ် ဦးအောင်နိုင်ဦးကတော့ “ဒီဥပဒေတွေကို ပြဋ္ဌာန်းထားပြီးမှ အကောင်အထည် မဖော်ဘူးဆိုရင် ပါဝင်ပက်သက်သူတွေရဲ့ အခွင့်အရေးတွေ၊ သူတို့ရဲ့ မှတ်ပုံတင် တရားဝင်မှုတွေ၊ အစိုးရကလည်း ရသင့်ရထိုက်တဲ့ ၀န်ဆောင်မှုတွေနဲ့ အခွန်အခတွေ မရတော့ဘူးပေါ့။ ဒါဆိုရင်လည်း  တရားဥပဒေစိုးမိုးမှု မရှိတော့ဘူးလို့ သုံးသပ်လို့ ရပါတယ်” လို့ ဆိုပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာဥပဒေအရ ဥပဒေတရပ်ကို သက်ဆိုင်ရာ လွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းပြီးပါက ဥပဒေကို ဆက်လက် အကောင်အထည်ဖော် လုပ်ကိုင်နိုင်ဖို့အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ နည်းဥပဒေနဲ့ စည်းမျဉ်းစည်းကမ်း တွေကို ရေးဆွဲပြီးလွှတ်တော်မှာ အတည်ပြုချက်ရယူရမှာ ဖြစ်ပါတယ်။

နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို လွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းပြီးပါက သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က အုပ်ချုပ်ရေးအတွက် ဘယ်လို ကျင့်သုံးရမလဲဆိုတဲ့ နည်းဥပဒေလုပ်ထုံးလုပ်နည်းတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးအတွင်းမှာ ကျင့်သုံးသွားရမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တွေက နှစ်စဉ် ပုံမှန် ရေးဆွဲနေတဲ့ ဘတ်ဂျက်ဥပဒေ၊ စီမံကိန်းဥပဒေတွေမှအပ လွှတ်တော်သက်တမ်းနဲ့ အစိုးရသက်တမ်း ၃ နှစ်ကျော်ကာလအထိ ဥပဒေတွေ ရေးဆွဲလာခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာဆို ဥပဒေ ၁၈ ခု ပြဋ္ဌာန်းထားပေမယ့် အကောင်ထည်ဖော်မယ့် နည်းဥပဒေ ၂ ခု၊ ပဲခူးတိုင်းကတော့ ဥပဒေ ၈ ခုမှာ နည်းဥပဒေ ၂ ခု၊ တနင်္သာရီတိုင်းကတော့ ဥပဒေ ၆ ခုမှာ နည်းဥပဒေ ၆ ခုနဲ့ ကရင်ပြည်နယ်မှာတော့ ဥပဒေ ၆ ခု အတည်ပြုထားပေမယ့် နည်းဥပဒေတခုမှာ အတည်ပြု ပြဌာန်းထားတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013