DVB Logo
Home
မြန်မာသတင်း
မြောက်ဦးတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော် လက်နက်ချအညံ့ခံ
DVB
·
January 8, 2024
မြောက်ဦးတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော် လက်နက်ချအညံ့ခံ
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အနီးရှိ သင်းကျိတ်တော်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော် ရက္ခိုင့်တပ်တော် (အေအေ) ထံမှာ ဇန်နဝါရီ ၇ ရက် နေ့လယ်ပိုင်းက လက်နက်ချ အညံ့ခံလိုက်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇန်နဝါရီ ၇ ရက် နေ့လယ်ပိုင်းမှာ အေအေဘက်က အရာရှိတချို့နဲ့ စစ်ကောင်စီဘက်က အရာရှိတချို့ တွေ့ဆုံကြပြီး လက်နက်ချဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

“မနေ့က နေ့လယ်ပိုင်းမှာ ရက္ခိုင့်တပ်တော်က အရာရှိတချို့နဲ့ စစ်ကောင်စီဘက်က အရာရှိ ၅ ယောက်လောက် တွေ့ဆုံကြပြီးတော့ လက်နက်ချဖို့ ဆွေးနွေးကြတယ်လို့ သိရတယ်။ စစ်ကောင်စီဘက်က လက်နက်ချဖို့ သဘောတူလိုက်ပြီးတော့ စစ်ကောင်စီတပ်သားတွေကို မြောက်ဦးမြို့ ခမရ ၃၇၇ ကို ပြန်ပို့ပေးဖို့ သဘောတူလိုက်ကြတယ်။”

အခုလက်နက်ချခဲ့ကြတဲ့ စစ်ကောင်စီတပ်သားတွေကို ညနေပိုင်းမှာ မြောက်ဦးမြို့ ခမရ ၃၇၇ တပ်ရင်းဘက်ကို သွားရောက်ခွင့် ရက္ခိုင့်တပ်‌တော်ဘက်က ခွင့်ပြုပေးလိုက်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

တချို့ဒေသခံတွေ ပြောကြားချက်အရ စစ်ကောင်စီဘက်က အရာရှိတချို့ဟာ ရက္ခိုင့်တပ်တော်ထံမှာ ပူးပေါင်းကျန်ခဲ့ကြတယ်လို့ ပြောဆိုခဲ့ကြ‌‌ပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဘက်က လက်နက်ချခဲ့တာ ဟုတ်မှန်ပြီး သင်းကျိတ်တောင်မှာ တပ်စွဲနေထိုင်ကြတဲ့ စစ်သားအကုန်လုံး စခန်းစွန့်ခွာသွားကြပြီလို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။

“လက်နက်ချ အညံ့ခံတာကတော့ ဟုတ်တယ်။ အရေအတွက် ဘယ်လောက်ဆိုတာကိုတော့ မသိရသေးဘူး။ အဲဒီမှာတော့ စစ်သား ၁၀၀ ဝန်းကျင်လောက်ပဲရှိတာ။ လက်နက်ချဖို့ အတည်ပြုခဲ့ကြတာဆိုတော့ လက်နက်တွေကို ထားခဲ့ရမယ် ထင်တယ်။ အခုတော့ သင်းကျိတ်တောင်မှာ စစ်ကောင်စီရဲ့ စစ်သားတွေ မရှိတော့ဘူး။”

အခု လက်နက်ချ အညံ့ခံသွားတဲ့ သင်းကျိတ်တောင်က စစ်ကောင်စီတပ်သားတွေဟာ ၂၀၁၉ ခုနှစ်ကတည်းက တပ်စွဲနေထိုင်ကြတာဖြစ်ပြီး ရက္ခိုင့်တပ်တော်က အဲဒီတောင်ကုန်းကို ပိတ်ဆို့ တိုက်ခိုက်ထားတာကြောင့် ရိက္ခာပြတ်တောက်လာပြီး လက်နက်ချ အညံ့ခံတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၂၄ ရက်ကတည်းက စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး ဒီဇင်ဘာ ၂၆ ရက်နေ့မှာ မြောက်ဦးခရိုင်ရဲစခန်းနဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော်ဘက်က သိမ်းပိုက်ရရှိထားပါတယ်။

မြောက်ဦးမှာ ဇန်နဝါရီ ၇ ရက်က မြောက်ဦးမြို့အခြေစိုက် ခမရ ၃၇၇ တပ်ရင်းနဲ့ အမှတ် ၃၁ ရဲတပ်ရင်းကလည်း လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ညအချိန်မှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်ကလည်း တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင် ဗျူဟာကုန်းက စစ်ကောင်စီတပ်သားတွေ အေအေထံမှာ လက်နက်ချ အညံ့ခံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013