DVB Logo
Home
မြန်မာသတင်း
ပကာရီရွာရဲစခန်းစစ်ဆင်ရေး၌ တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး၊ စစ်တပ် မိုင်းနင်းမိပြီး တနင်္သာရီ ပြည်သူ ၁ ဦး ခြေထောက်ပြတ်
DVB
·
January 8, 2024
ပကာရီရွာရဲစခန်းစစ်ဆင်ရေး၌ တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး၊ စစ်တပ် မိုင်းနင်းမိပြီး တနင်္သာရီ ပြည်သူ ၁ ဦး ခြေထောက်ပြတ်
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ပကာရီကျေးရွာ ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်ခဲ့ပြီး ရဲဘော် ၂ ဦး ကျဆုံးကာ ၁ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁ ရက် မနက် ၁၂ နာရီ ၄၅ မိနစ်မှာ ရဲစခန်းကို Dawei Defense Team-DDT (ထားဝယ်-ပကဖ)၊ ထားဝယ်ချောင်းဖျားနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်-KPDF (တပ်ရင်း-၁) တို့ သွားရောက်ပစ်ခတ်ခဲ့ပါတယ်။

အဆိုပါစစ်ဆင်ရေးမှာ KPDF (တပ်ရင်း-၁) မှ ရဲဘော်ချစ်ကိုနဲ့ ရဲဘော်ညီသဲတို့ ကျဆုံးခဲ့တယ်လို့ Dawei Defense Team-DDT က ဇန်နဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

DDT ရဲ့ တာဝန်ရှိသူက “ပကာရီရဲစခန်းမစ်ရှင်မှာ ရဲဘော် ၃ ဦး လက်နက်ကြီးကျည်ထိပြီး ၂ ဦး ကျသွားတယ်၊ ၁ ဦးက ဒဏ်ရာရတာပေါ့။ မိသားစုဝင်တွေကို အကုန်အကြောင်းကြားပြီးပါပြီ။ မိဘတွေကတော့ ကိုယ့်သားသမီး ဆုံးရှုံးသွားတော့ ဝမ်းနည်းကြတယ်။ မိဘတွေကလည်း တော်လှန်ရေးလုပ်နေတယ်ဆိုတာ နားလည်ပြီးသားပါ” လို့ ပြောပါတယ်။

ပကာရီရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက နေရာ ၃ ခုခွဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ကာ မနက် ၂ နာရီဝန်းကျင်အထိ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး ပြန်ဆုတ်ချိန်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ထိခိုက်မိတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့မှာပဲ တော်လှန်ရေးပူးပေါင်းတပ်တွေက သရက်နှစ်ခွကျေးရွာနဲ့ ပန်းပြင်ကျေးရွာကြားရှိ စစ်ကောင်စီဂိတ်စခန်းငယ်အပြင် ဂိတ်စခန်းအတွက် စစ်ကူလာတဲ့ စစ်ကောင်စီကား (ဟွန်ဒါဖစ်) ၃ စီးကိုပါ ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာမှာ စစ်ကောင်စီရဲ့ မိုင်းနင်းမိတဲ့ အရပ်သားပြည်သူတယောက် ဘယ်ခြေထောက်တဖက် ဖြတ်ထုတ်လိုက်ရသလို နောက်ထပ် ခြေတဖက်ကိုပါ ဆုံးရှုံးရဖို့အထိ ရှိနေတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

မိုင်းနင်းမိတဲ့အရပ်သားမှာ အရှေ့မော်တုန်းရွာမှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် ကာမိ ဆိုတဲ့ အမျိုးသားဖြစ်ပြီး ဒီဇင်ဘာ ၃၀ ရက် ညနေ ၅ နာရီလောက်က စစ်ကောင်စီရဲ့ ၃၀၆ မော်တုန်းအမြောက်တပ်ရင်းရှိ လက်နက်ကြီးပစ်ခတ်လေ့ရှိတဲ့ တောင်ပေါ်နားမှာ ထောင်ထားတဲ့မိုင်းကို နင်းမိခဲ့တာလို့ သိရပါတယ်။

ဒေသခံတဦးက “မိုင်းပေါက်တာက ၃၀၆ တပ်ရင်းနဲ့ နီးနီးလေးပဲ။ မိုင်းက ဒီတပ်ရင်းကနေ ထောင်ထားတဲ့မိုင်းပါ။ အဲ့ဒီတပ်ရင်းနားကလူတွေ အော်သံကြားလို့ ထွက်ပြေးလာပြီး ကြည့်တော့ ရွာသားတွေ သစ်ခုတ်ဝါးခုတ်ဖို့ အတက်အဆင်းလုပ်နေတဲ့လမ်းမှာ ဦးကာမိက မိုင်းထိပြီး လဲနေတာကို တွေ့တာပါ” လို့ ပြောပါတယ်။

ဦးကာမိမှာ မွေးချင်းမောင်နှမ ၈ ဦးအထိရှိပြီး သူ့ရဲ့ နှမဖြစ်သူနဲ့ မိခင်တို့ကို လုပ်ကျွေးနေသူတဦးဖြစ်ကာ နေအိမ်အတွက် လိုအပ်တဲ့ ဝါးခုတ်ဖို့သွားရင်း မိုင်းနင်းမိခဲ့တာလို့ သိရပါတယ်။

ကျေးရွာသားတွေက အမြောက်တပ်ရင်းကို သွားရောက်ပြီး ဖြစ်စဥ်ကို အကြောင်းကြားခဲ့ပေမဲ့ စစ်ကောင်စီ အမြောက်တပ်ရင်းက မိုင်းထိလူနာကို ချက်ချင်း သွားရောက်ပြီး ကယ်ဆယ်တာမျိုး မလုပ်ခဲ့ဘဲ ည ၇ နာရီဝန်းကျင်လောက်မှာ အခင်းဖြစ်ပွားရာနေရာကို ရောက်လာတာကြောင့် လူနာကိုကယ်ဆယ်ဖို့ အချိန် ၁ နာရီကျော်ခန့် နောက်ကျခဲ့တယ်လို့ သိရပါတယ်။

“ရွာသွားတွေက သွားမယူရဲဘူး။ သူ့အစ်မသုံးယောက်က အဲ့တပ်ရင်းက စစ်သားတွေနဲ့ ယူထားတော့ အဲ့တပ်ထဲက သူ့အစ်မတို့ ယောက်ဖတို့ကို သွားအကြောင်းကြားပေးတာ၊ တပ်ကနေ ချက်ချင်း လူနာကို မကယ်ပေးဘူး။ ရွာသားတွေကိုလည်း မသွားခိုင်းဘူး။ သူတို့အလာကို စောင့်ရတဲ့အချိန်နဲ့ ရောက်လာတဲ့အချိန်က လူက သေမလို့တောင်ဖြစ်နေပြီ။ သူတို့လာမှ ကာမိရဲ့ညီအစ်ကိုတွေကို လူနာကို သယ်ထုတ်ခိုင်းတယ်။ သူတို့ကိုယ်တိုင် မသယ်ထုတ်ဘဲ ဘယ်နေရာမသွားနဲ့ ဘာမထိနဲ့ဆိုပြီး ပါးစပ်နဲ့ခိုင်းတာ။”

အဆိုပါ မိုင်းထိလူနာကို ည ၇ နာရီခွဲလောက်မှာ တနင်္သာရီမြို့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီးနောက် ည ၁၀ နာရီလောက်မှာ လူနာရဲ့ ဘယ်ခြေထောက်တဖက် ဖြတ်တောက်လိုက်ရတယ်လို့ သိရပြီး နောက်တနေ့ ဒီဇင်ဘာ ၃၁ ရက် နေ့လယ် ၁၁ နာရီလောက်မှာ မြိတ်မြို့ရှိ တပ်ဆေးရုံကို လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။

ကျေးရွာသားတဦးက “ဆေးရုံသွားဖို့ အရေးပေါ်ကားခေါ်တော့ တစီးမှမရဘူး။ ဘေးတွဲဆိုင်ကယ်နဲ့ တနင်္သာရီကို ပို့လိုက်ရတယ်။ ဆေးရုံကလည်း အစက သိပ်လုပ်ပေးမရဲဘူး။ ဟိုမေး ဒီမေးနဲ့ ည ၁၀ နာရီလောက်မှာ ခွဲစိတ်ခန်း ဝင်လိုက်ရတယ်။ ဘယ်ခြေတဖက်လည်း ဖြတ်လိုက်ရပြီ။ နောက်တရက် မြိတ်ပို့တော့ ပြည်သူ့ဆေးရုံမဟုတ်ဘဲ တပ်ဆေးရုံကိုပို့ရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဘယ်ခြေထောက်တဖက် ဆုံးရှုံးထားတဲ့ ဦးကာမိဟာ စစ်ဆေးရုံမှာ နောက်ထပ် ခွဲစိတ်မှု လုပ်နေရပြီး ဒဏ်ရာက အလွန်ပြင်းထန်တာကြောင့် လူနာအခြေအနေက စိုးရိမ်နေရသလို သူ့ရဲ့ ကျန်တဲ့ညာခြေထောက်တဖက်ကိုပါ ဖြတ်တောက်ခံရဖို့အထိ ရှိလာနိုင်တယ်လို့ သူနဲ့နီးစပ်သူတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013