Home
မြန်မာသတင်း
မြန်မာဒုက္ခသည်များကို ဆက်လက်ကူညီမည်ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်သစ်ပြော
DVB
·
January 8, 2024
Mizorum PM_08012024

မြန်မာနိုင်ငံက ဒုက္ခသည်တွေနဲ့ မဏိပူရပြည်နယ်ကနေ အိုးမဲ့အိမ်မဲ့ထွက်ပြေးလာတဲ့ ပြည်တွင်းဒုက္ခသည်တွေကို ဗဟိုအစိုးရရဲ့ ထောက်ပံ့မှုနဲ့ မီဇိုရမ်ပြည်နယ် အစိုးရက ဆက်လက်ကူညီသွားမှာဖြစ်တယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူဟာမာက ပြောပါတယ်။

မကြာသေးခင်ကမှ ရွေးကောက်တင်မြှောက်ခံရတဲ့ မီဇိုရမ်ဝန်ကြီးချုပ်သစ် လာဒူဟာမာဟာ မြို့တော်ဒေလီမှာ ဝန်ကြီးချုပ် မိုဒီအပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ ပြန်ရောက်လာပြီးနောက်  ဇန်နဝါရီ ၆ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ 

မီဇိုရမ်ဝန်ကြီးချုပ်က “ဗဟိုအစိုးရက မြန်မာနိုင်ငံသားတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်မပြုနိုင်ပေမဲ့ ကျနော်တို့နဲ့ ပူးပေါင်းပြီး သူတို့အတွက် အကူအညီတွေကို ထောက်ပံ့ပေးသွားဖို့ အဆင်သင့်ရှိနေပါတယ်” လို့ ပြောခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေကြောင့် မဏိပူရပြည်နယ်ကနေ ထွက်ပြေးလာခဲ့တဲ့ အိန္ဒိယနိုင်ငံသားတွေကိုလည်း ဗဟိုအစိုးရရဲ့ အကူအညီနဲ့ မီဇိုရမ်ပြည်နယ်ထဲမှာ ထိန်းသိမ်းစောင့်ရှောက်ကူညီသွားမယ်လို့  ဆိုပါတယ်။

တရားဝင်သတင်းအချက်အလက်တွေအရ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း မီဇိုရမ်မှာ လာရောက်ခိုလှုံနေတဲ့ မြန်မာနိုင်ငံက ချင်းတိုင်းရင်းသား ၃၁၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

အိမ်နီးချင်းမြန်မာနိုင်ငံမှာ ပုံမှန်အခြေအနေ ပြန်မရောက်မချင်း မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်မပို့ဖို့ ပြည်ထဲရေးဝန်ကြီး အာမစ်ရှားက အခိုင်အမာပြောဆိုခဲ့တယ်လို့လည်း မီဇိုရမ် ဝန်ကြီးချုပ်က ပြောပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်မှာ ခြံစည်းရိုးခတ်မယ့်ကိစ္စကိုလည်း လက်မခံနိုင်တဲ့အကြောင်း  နိုင်ငံခြားရေးဝန်ကြီးကို ပြောဆိုခဲ့တယ်လို့လည်း  မီဇိုရမ် ဝန်ကြီးချုပ် လာဒူဟာမာက ပြောကြားခဲ့ပါတယ်။

Source: Times Of India / Photo Credit- Lalduhoma Facebook

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024