Home
Lead Story
အွန်လိုင်းလိမ်လည်မှုဖြိုခွင်းရေး တရုတ်ဝန်ကြီးနှင့်  စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးတို့ ဆွေးနွေး  
DVB
·
January 8, 2024
China Police Chief's_08012024

တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီအဖွဲ့ဝင် ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်ဟာ မြန်မာစစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ရာပြည့်နဲ့ ဗီဒီယိုကနေ တဆင့် ဆွေးနွေးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၅ ရက်က ဆွေးနွေးရာမှာ တရုတ်နိုင်ငံအနေနဲ့ မြန်မာနဲ့ အတူပူးပေါင်းပြီး ဆက်သွယ်ရေးနဲ့ အွန်လိုင်း လိမ်လည်မှုတွေကို ဖြိုခွင်းလိုကြောင်း၊ အရေးပါတဲ့ အမှုကိစ္စတွေကို ပူးပေါင်းဖြေရှင်းလိုကြောင်း တရုတ်ဝန်ကြီး ဝမ်ရှောင်ဟုန်က ပြောကြားခဲ့ပါတယ်။

နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေး၊  တရုတ်နိုင်ငံသားတွေနဲ့ တရုတ်ပိုင် စီမံကိန်းတွေရဲ့ လုံခြုံရေးအပြင် တရုတ်-မြန်မာလူ့အဖွဲ့အစည်းအတွက် တူညီတဲ့ အနာဂတ်ကို အကောင်အထည်ဖော် ဆောင်ရွက်လိုကြောင်းလည်း ဝန်ကြီး ဝမ်ရှောင်ဟုန်က ပြောပါတယ်။

တရုတ်နိုင်ငံဟာ တရုတ်-မြန်မာ ဆက်ဆံရေးမှာ အမြဲတမ်း နည်းဗျူဟာကျကျ သုံးသပ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်တွေကြား ချမှတ်ခဲ့တဲ့ သဘောတူညီချက်တွေ အကောင်အထည်ဖော်ရေးကိုလည်း မြန်မာနဲ့အတူ ပူးပေါင်း ဆောင်ရွက်လိုကြောင်း၊ တရားဥပဒေထိန်းသိမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထား အလေးအနက် ပူးပေါင်းဆောင်ရွက်လိုကြောင်းလည်း ပြောခဲ့ပါတယ်။

စစ်ကောင်စီဝန်ကြီး ရာပြည့်ကလည်း တရားဥပဒေထိန်းသိမ်းရေးနဲ့ လုံခြုံရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကိစ္စတွေမှာ တရုတ်နဲ့အတူ ပိုမိုပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောခဲ့တယ်လို့ တရုတ်သတင်းမှာ ဖော်ပြထားပါတယ်။ 

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်ဟာ အောက်တိုဘာ ၃၁ ရက်က နေပြည်တော်ကိုသွားရောက်ပြီး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အဓိကစီမံကိန်းများ အဆင့်မြှင့်တင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

Source/Photo- Xinhua

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024