DVB Logo
Home
နိုင်ငံတကာ
ဟားမတ်စ်ကို စစ်ဆင်ရေး ဆက်လုပ်မည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော
DVB
·
January 8, 2024
ဟားမတ်စ်ကို စစ်ဆင်ရေး ဆက်လုပ်မည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော
Donate to DVB

အစ္စရေးဟာ ရည်မှန်းချက်တွေအားလုံး အောင်မြင်တဲ့အထိ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ဟားမတ်စ်အဖွဲ့ကို စစ်ပွဲဆင်နွှဲဖို့ ဆက်လုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇန်နဝါရီ ၇ ရက်မှာ ပြောလိုက်ပါတယ်။

ဝန်ကြီးချုပ် နေတန်ယာဟုက  “ဟားမတ်စ်တွေကို ချေမှုန်းပစ်ရေး၊ ကျနော်တို့ရဲ့ ဓားစာခံတွေအားလုံးကို ပြန်ရရေး၊ ဂါဇာကမ်းမြောင်က အစ္စရေးကို မခြိမ်းခြောက်နိုင်တော့တာ သေချာစေရေး ရည်မှန်းချက် ပန်းတိုင်တွေ အားလုံးကို မရောက်မချင်း စစ်ပွဲကို ရပ်တန့်လို့မရဘူး” လို့ အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။

အမေရိကန်နဲ့ ဥရောပထိပ်တန်းသံတမန်တွေဟာ ထိလွယ်ရှလွယ် အရှေ့အလယ်ပိုင်းဒေသမှာ ဂါဇာစစ်ပွဲ မပြန့်ပွားစေရေး တနင်္ဂနွေနေ့က နည်းလမ်းရှာခဲ့ပေမဲ့ ပဋိပက္ခစတင်အပြီး သုံးလအကြာမှာ သူတို့ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို သွေးထွက်သံယိုမှုတွေက ပိုမြင်သာစေခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ ဥရောပသမဂ္ဂရဲ့ ထိပ်တန်းသံတမန် ဂျိုးဇက် ဘော်ရယ်တို့ဟာ လက်ဘနွန်၊ အနောက်ဘက်ကမ်းနဲ့ ပင်လယ်နီထဲက သင်္ဘောလမ်းကြောင်းတွေဆီ စစ်ပွဲကူးစက်လာနေတာကို ချေဖျက်ဖို့ ကြိုးစားတဲ့အနေနဲ့ သံတမန်ရေး ခရီးစဉ်တွေကို သီးခြားစီ စတင်ခဲ့ကြပါတယ်။

ပါလက်စတိုင်းနယ်မြေအတွင်း အစ္စရေးရဲ့စစ်ဆင်ရေး ရပ်တဲ့အထိ ပင်လယ်နီထဲက အစ္စရေးနဲ့ ပတ်သက်တဲ့ သင်္ဘောတွေကို ဆက်ပြီး တိုက်ခိုက်သွားမယ်လို့ ယီမင်မှာ အခြေစိုက်ပြီး အီရန်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဟူသီတွေက ကတိပြုထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းတွေကို အတင်းအကျပ် နေရာရွှေ့ပြောင်းတာ ဒါမှမဟုတ် သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသဆီ ပါလက်စတိုင်းတွေကို အတင်းအကျပ် ရွှေ့ပြောင်းတာတွေကို အမေရိကန်အစိုးရက ဆန့်ကျင်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အာရပ်ခေါင်းဆောင်တွေကို ဇန်နဝါရီ ၇ ရက်မှာ အာမခံချက် ပေးလိုက်ပါတယ်။

စစ်ပွဲအပြီး ဂါဇာရဲ့ အနာဂတ်အရေးကို စပြီးဆွေးနွေးဖို့ ဂရုတစိုက် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

“ပါလက်စတိုင်း အရပ်သားတွေဟာ အခြေအနေတွေက ခွင့်ပြုထားရင် အိမ်ပြန်နိုင်ရမယ်။ ဂါဇာကထွက်ခွာဖို့ ဖိအားပေးခံရမှာ မဟုတ်ဘူး” လို့ ဒိုဟာမြို့မှာ ကာတာအစိုးရ ထိပ်တန်းအရာရှိတွေနဲ့ သီးခြားတွေ့ဆုံပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲမှာ ဘလင်ကန်က ပြောပါတယ်။

အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တို့က အစ္စရေးကို တိုက်ခိုက်ခဲ့လို့ လူပေါင်း ၁,၂၀၀ သေဆုံးပြီး လူအယောက် ၂၄၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားတဲ့နောက် ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လက်တုံ့ပြန်စစ်ပွဲ စတင်ခဲ့တာပါ။

အစ္စရေးရဲ့ နောက်ဆက်တွဲ ကြည်း၊ လေ၊ ရေ သုံးပွင့်ဆိုင် တိုက်ခိုက်မှုတွေကြောင့် စနေနေ့အထိ ပါလက်စတိုင်း ၂၂,၇၂၂ ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ဂါဇာမှာရှိတဲ့ ပါလက်စတိုင်း ဟားမတ်စ် စစ်သွေးကြွတွေအပေါ် အစ္စရေးရဲ့ ထိုးစစ်ကြောင့် ဒေသတွင်း ပဋိပက္ခတွေ ပိုကျယ်ပြန့်လာမှာ စိုးရိမ်လို့ ဘလင်ကန်က အရှေ့အလယ်ပိုင်း ဒေသဆီ သံတမန်ခရီး လှည့်နေပါတယ်။

ဒိုဟာမြို့မှာ ကာတာရဲ့ အစောပိုင်းက ကြားဝင်စေ့စပ်ပေးထားတဲ့ သဘောတူညီချက် ပျက်ပြယ်သွားပြီးတဲ့နောက် ဟားမတ်စ်က ဖမ်းဆီးထားဆဲလို့ ယူဆရတဲ့ အစ္စရေးဓားစာခံ အယောက် ၁၀၀ ကျော် လွတ်မြောက်ရေး ကြိုးပမ်းခဲ့တယ်လို့ ဘလင်ကန်က ပြောပါတယ်။

သူဟာ ကာတာနိုင်ငံဆီမသွားမီ ဇန်နဝါရီ ၆ ရက် နှောင်းပိုင်းမှာ ဂျော်ဒန်နိုင်ငံဆီ ရောက်လာပြီး ဘုရင် အဗ္ဗဒူလာနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကာတာနိုင်ငံမှာလည်း စော်ဘွားနဲ့ရော နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးချုပ်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

ဘလင်ကန်ဟာ သူ့ရဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း တူရကီ၊ ဂရိ၊ ဂျော်ဒန်၊ ကာတာ၊ UAE၊ ဆော်ဒီ၊ အစ္စရေး၊ အနောက်ဘက်ကမ်းနဲ့ အီဂျစ်နိုင်ငံဆီ သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013