DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူဆိပ်ကမ်း စီမံကိန်းရငွေများကို လက်နက်ဝယ်လိမ့်မည်ဟု သမ္မတရုံး တာဝန်ရှိသူပြော
DVB
·
January 6, 2024
ကျောက်ဖြူဆိပ်ကမ်း စီမံကိန်းရငွေများကို လက်နက်ဝယ်လိမ့်မည်ဟု သမ္မတရုံး တာဝန်ရှိသူပြော
Donate to DVB

ဒေါ်လာ သန်း ၉,၀၀၀  တန်ကြေးရှိတဲ့ တရုတ်နဲ့ ဖက်စပ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းကရမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို စစ်ကောင်စီက လက်နက်ဝယ်တဲ့နေရာမှာပဲ အသုံးပြုလိမ့်မယ်လို့ NUG သမ္မတရုံး တာဝန်ရှိသူက ပြောပါတယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်ကို ဖြည့်စွက်တဲ့ နောက်ဆက်တွဲစာချုပ်ကို တရုတ်လုပ်ငန်းရှင်နဲ့ စစ်ကောင်စီတို့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

ကျောက်ဖြူမြို့နယ်တည်ရှိရာ ရခိုင်ပြည်နယ်ဟာ လတ်တလောမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော် ရှိနေတဲ့ဒေသ ဖြစ်ပါတယ်။ ကျောက်ဖြူရေနက်စီမံကိန်းဟာ တရုတ်အစိုးရရဲ့ ပိုးလမ်းမစီမံကိန်းမှာ ရေကြောင်း ထွက်ပေါက်အရ   အရေးပါနေတဲ့ ဒေသဖြစ်တာကြောင့် တရုတ်အစိုးရက မြန်မာ ပြည်တွင်းရေးကို မငဲ့ကွက်ဘဲ သူတို့ လိုအပ်ချက်ကို ဖြည့်ဆည်းနေတာဖြစ်ပါတယ်။ စစ်ကောင်စီကလည်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန်မှာ အခြေမလှတာတွေကို ကုစားဖို့၊ တရုတ်အစိုးရရဲ့ အားပေးထောက်ခံမှုကို ပြန်ရဖို့နဲ့ လက်နက်ခဲယမ်း လိုအပ်ချက်တွေကို ပြန်လည်ဖြည့်ဆည်းနိုင်ဖို့ ကျောက်ဖြူ ရေနက်စီမံကိန်း လုပ်ငန်းစာချုပ်ကို လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။

NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော် “၉ ဘီလီယံ(သန်း ၉,၀၀၀)ဆိုတာ နည်းတာမဟုတ်ဘူး။ ဒေါ်လာ ၉ ဘီလီယံ။ အဲဒါကို ဘာမှ ပွင့်လင်းမြင်သာမှုမရှိ၊ အရင်တုန်းကဆို MIC ရှိတယ်။ ပြည်သူလူထုအတွက် အကျိုးရှိမလား။ ပတ်ဝန်းကျင် အတွက် အကျိုးယုတ်စေမလား။ အစရှိသဖြင့် ဘက်ပေါင်းစုံကနေ စစ်ဆေး သုံးသပ်ပြီးတော့မှ လက်မှတ်ထိုးရမှာဖြစ်တယ်။ ခုကတော့ စစ်ရှုံးတဲ့အခါမှာ ဝင်ငွေလိုနေတဲ့ အချိန်မှာ အထောက်အကူလိုနေတဲ့အချိန်မှာ လုပ်တယ်လို့ သုံးသပ်လို့ ရပါတယ်။ သူတို့ ၃၀ ရာခိုင်နှုန်းထည့်ဖို့ ပိုက်ဆံလည်းရှိမှာမဟုတ်ဘူး။ သူတို့ချေးမှာပဲ။ ချေးပြီးတော့ အဲဒီရတဲ့ပိုက်ဆံနဲ့ ရင်းနှီးမြှုပ်နှံမှာလည်းမဟုတ်ဘူး။ လက်နက်တွေ ဝယ်ဖို့ လုပ်မှာပဲ” လို့ ပြောပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ အစပြုခဲ့တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းကို အဲဒီတုန်းက ဒေါ်လာ ၇ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ခဲ့ပေမယ့် NLD အစိုးရလက်ထက်မှာတော့ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံပဲ ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်ခဲ့ပါတယ်။

၇၀ ရာခိုင်နှုန်းကို တရုတ်က ရင်းနှီးမြှုပ်နှံပြီး ၃၀ ရာခိုင်နှုန်းကို မြန်မာက ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီခဲ့ကာ  စီမံကိန်းကို တဆင့်ပြီးမှ တဆင့် အကောင်အထည်ဖော်ဖို့ NLD က ဆွေးနွေးခဲ့သလို စီမံကိန်းအရှိန်ကိုလည်း လျှော့ချခဲ့ပါတယ်။

လက်ရှိ စစ်ကောင်စီလက်ထက်မှာတော့ ဒေါ်လာ ၉ ဘီလီယံအထိ တိုးမြှင့်ရင်းနှီးမြှုပ်နှံဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး ဒေါ်လာ ၉ ဘီလီယံမှာ တရုတ်က ၇၀ ရာခိုင်နှုန်း၊ မြန်မာက ၃၀ ရာခိုင်နှုန်းထည့်သွင်း ရင်းနှီးရမှာဖြစ်ပါတယ်။

ကျောက်တော်စစ်ရှောင်စခန်းရဲ့ တာဝန်ရှိသူတယောက်ဖြစ်တဲ့ တင်းမ ဆရာတော်က “သူတို့ လုပ်တာတွေက လူထုအတွက် မပါဘူးလေ။ လူထုတွေက ဒီထက်မက ဆင်းရဲတွင်းနက်လာတာ။ တနေ့ထက်တနေ့ တရက်ထက်တရက်။ ဒါက ပြည်သူလူထုအတွက် လုပ်တာမဟုတ်ပါ။ သူတို့အတွက်လုပ်တာပဲမြင်တယ်။ လူထုကလည်း အဲဒီလိုမျိုးပဲခံယူထားတယ်” လို့ ပြောပါတယ်။

ကျောက်ဖြူရေနက်စီမံကိန်း လုပ်ငန်းလုပ်ကိုင်ခွင့် လက်မှတ်ရေးထိုးတာနဲ့ ပတ်သက်ပြီး ရခိုင့်တပ်တော် အေအေဘက်က သဘောထားတစုံတရာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

စစ်ရေးအခြေအနေတွေအရ စီမံကိန်းအကောင်အထည်ဖော် တည်ဆောက်ရေးဟာလည်း လက်တလော ဖြစ်ပေါ်လာနိုင်စရာလည်း မရှိသေးဘဲ   တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နဲ့ ပြည်မလမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းရေးလမ်းကြောင်းတွေအားလုံးလည်း ပိတ်ဆို့ရပ်တန့်နေပါတယ်။

ဦးကျော်ဇော်က “စစ်ကောင်စီက အစိုးရလည်း မဟုတ်ဘူး။ အကြမ်းဖက် စစ်အုပ်စုတခုသာ ဖြစ်တယ်။ ဆိုတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့ လက်မှတ်ထိုးပိုင်ခွင့် သူ့မှာ ဘာမှမရှိဘူးပေါ့နော်။ မင်းအောင်လှိုင်က ညီနောင် ၃ ဖော်က ထိုးစစ်ဆင်ပြီးတော့ ၁၀၂၇ နောက် မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ကောင်စီတပ်တွေက ကစဉ့်ကလျားဖြစ်နေချိန်မှာ သူတို့အတွက်ကို အဆင်ပြေမလားဆိုပြီးတော့ တရုတ်နိုင်ငံကို ဒီလိုမျိုး လက်မှတ်ထိုးဖို့ ကမ်းလှမ်းပြီးတော့ပေးတာလို့ သုံးသပ်လို့ ရပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်ရေးနဲ့ပတ်သက်လို့  ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ဇန်နဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာတော့ ရခိုင့်တပ်တော် အေအ‌ေက ပလက်ဝဒေသနဲ့ ရခိုင်ပြည်အတွင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်ဖွဲ့၊ တပ်စခန်းတွေနဲ့ ဗျူဟာကုန်းတွေ အားလုံးကို တခုမကျန် တိုက်ခိုက်သိမ်းပိုက်မယ်လို့ ဖော်ပြထားပါတယ်။

ချင်း-ရခိုင်နယ်စပ် ပလက်ဝဒေသက စစ်ကောင်စီရဲ့ စခန်းကြီး၊ စခန်းငယ်နဲ့ ဗျူဟာကုန်းကြီး ၂၀ ထက်မနည်းကို ဇန်နဝါရီလ ၃ ရက်နေ့အထိ အေအေက သိမ်းပိုက်ပြီးနောက်မှာ အခုလို ကြေညာထားတာ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013