Home
မြန်မာသတင်း
လောက်ကိုင်စစ်ဌာနချုပ်ကို ငြိမ်းချမ်းရေးအတွက် လက်လွှတ်ခဲ့ဟု စစ်ကောင်စီ ပြော
DVB
·
January 6, 2024

လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကို လက်လွှတ်လိုက်တာဟာ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ဆုံးဖြတ်လိုက်တာလို့ တပ်စခန်းအများအပြား သိမ်းပိုက်ခံနေရတဲ့ စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုလာပါတယ်။

MNDAA က လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ)ကို သိမ်းယူခဲ့ပြီးနောက် ဒစကမှူးကို စစ်ခေါင်းဆောင်က ညွှန်ကြားခဲ့တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"အခုလို လုပ်လိုက်ရတာ တပ်မိသားစုဝင်တွေရဲ့ လုံခြုံရေးအရ လုပ်လိုက်ရတာပါ။ နောက်တချက်က ပဋိပက္ခတွေပြီးဆုံးသွားအောင် ငြိမ်ချမ်းရေးကို မျှော်တွေးပြီး လက်နက်ချလိုက်တာ” လို့ တုံ့ပြန်ပြောဆိုပါတယ်။

MNDAA က လာရောက်တိုက်ခိုက်တဲ့အခါ လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၊ အမှတ် ၅၅ ခြေမြန်တပ်မဌာနချုပ်၊ အမှတ် ၁၂ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်၊ အမှတ် ၁၆ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် က စကခမှူးတွေနဲ့ တပ်မမှူးတွေ တိုင်ပင်လက်နက်ချခဲ့တာလို့ ပြောပါတယ်။

လက်နက်ချပြီးနောက်ပိုင်းမှာ လောက်ကိုင် ဒကစမှူးနဲ့ စစ်တပ်ဘက်ကအရာရှိတွေ၊ မဟာမိတ်တပ်က အရာရှိတွေ အတူစားသောက်နေတဲ့ပုံတွေ အွန်လိုင်းမှာ ပျံ့လာတာကိုလည်း တွေ့ရပါတယ်။

ဒီလိုလက်နက်ချခဲ့တာကြောင့် ဒကစမှူးအပါအဝင် အရာရှိတွေ၊ တပ်မတော်သားတွေ၊ ပြည်သူ့စစ်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ စုစုပေါင်း လူ ၄,၀၀၀ လောက်ကို MNDAA ဘက်က ပြန်ပို့ခဲ့တယ်လို့ အမည်မဖော်လိုအရာရှိတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“လက်နက်ချတာလည်း ကောင်းတယ်။ တပ်က ခံစစ်နဲ့သွားခိုင်းတာ။ အရည်အသွေး ကျလာတာရယ်၊ လက်ရုံးတပ်တွေနဲ့ ပြည်သူ့စစ်ကို အစားထိုးတာကြောင့် မသေသင့်ဘဲ သေရတယ်။ တကယ် MNDAA က တိုက်မယ်ဆို ရာနဲ့ချီသေဦးမှာ” လို့ ပြောပါတယ်။

လောက်ကိုင် ဒကစ လက်နက်ချပြီးနောက် ဇန်နဝါရီ ၅ ရက်နေ့ အစောပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဟိုပန်မြို့က စစ်ကောင်စီတပ်တွေကို ကိုးကန့် MNDAA နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဟိုပန်မြို့မှာရှိတဲ့ ခလရ ၁၄၃၊ ခလရ ၁၄၅ က စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး လက်နက်ချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

MNDAA တပ်ဖွဲ့တွေက လက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သွားချင်တဲ့နေရာ လုံခြုံတဲ့နေရာတွေကို လိုက်လံပို့ဆောင်ပေးနေတယ်လို့ ဒေသခံ ယာဉ်မောင်း တယောက်က ပြောပါတယ်။

ဟိုပန်မြို့တိုက်ခိုက်သိမ်းပိုက်ပြီးနောက် UWSA  ‘ဝ’ တပ်တွေ ဝင်ရောက်လာပြီး  ‘ဝ’ အလံလွှင့်ထူထားသလို ပန်လုံမြို့မှာလည်း ‘ဝ’ အလံလွှင့်ထူထားတယ်လို့ ဆိုပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ချအညံ့ခံတဲ့ အရေအတွက်၊ ထိခိုက်သေဆုံးသူနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရမိမှုအခြေအနေကို  MNDAA က ထုတ်ပြန်တာမရှိသေးဘဲ MNDAA နဲ့ UWSA ပူးပေါင်တပ်ဖွဲ့တွေ ဟိုပန်မြို့နဲ့ ပန်လုံမြို့မှာ လုံခြုံရေးရယူထားပြီလို့  ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီကို တရုတ်က ကြားဝင်ညှိနှိုင်းပေးလို့ ၂ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ မပြေလည်ဘဲ တိုက်ပွဲတွေ ပိုပြင်းထန်လာခဲ့တာပါ။

ရှမ်းမြောက်ဒေသ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ တရုတ်ဘက်ကို ၂ ကြိမ် ကျရောက်ပေါက်ကွဲပြီး တရုတ် နိုင်ငံသား ၁ ယောက်သေ၊ ၆ ယောက် ဒဏ်ရာရခဲ့တဲ့အပေါ်မှာလည်း စစ်ခေါင်းဆောင်နဲ့ တရုတ်နိုင်ငံတို့ တွေ့ဆုံဆွေးနွေးခဲ့ရပါသေးတယ်။

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း MNDAA က ရှမ်းမြောက်ဒေသမှာ လောက်ကိုင်အပါအဝင် ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ ကွမ်းလုံ၊ ကုန်းကြမ်းမြို့တို့ကို သိမ်းယူထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024