DVB Logo
Home
မြန်မာသတင်း
နတ်သံကွင်းမြို့တွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းပစ်ကူပေး
DVB
·
January 5, 2024
နတ်သံကွင်းမြို့တွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းပစ်ကူပေး
Donate to DVB

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ နတ်သံကွင်းမြို့အနီးတဝိုက်မှာ ဇန်နဝါရီ ၅ ရက် မနက် ၂ နာရီက စတင်ကာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းကနေ ပစ်ကူပေး တိုက်ခိုက်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

နတ်သံကွင်းမြို့မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ နတ်သံကွင်း-ပဲနွယ်ကုန်းမြို့ကြားက နရွဲပင်နဲ့ အုန်းနှစ်ပင်တပ်စခန်းကို KNLA၊ KNDO၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေတာပါ။

စစ်ကောင်စီတပ်တွေက မြေပြင်လက်နက်အပြင် လေကြောင်းကနေ စစ်တောင်းမြစ် အရှေ့ခြမ်း၊ နတ်သံကွင်းမြို့ကို ပစ်ခတ်ခဲ့တဲ့အပြင် လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ပျဉ်းမပင်၊ လက်ပံကုန်း အနီးတဝိုက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က ပြောပါတယ်။

“တိုက်ပွဲက ပြင်းထန်နေတယ်။ လေယာဉ်က နတ်သံကွင်းလည်း ပစ်တယ်။ လေယာဉ်က ခုနကပဲ ပစ်ပြီးပြန်သွားတယ်။ မနက်ကလည်း လာပစ်တယ်။ ၁ စင်းကို ၃ ကြိမ်လောက် ပစ်ပြီးတော့ ပြန်သွားတယ်။ လက်နက်ကြီးက တောက်လျှောက်ပစ်နေတယ်။”

ဒါ့အပြင် ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းကစတင်ပြီး တပ်မဟာ ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် စစ်ကောင်စီက လေကြောင်းကနေ စစ်ကူပေး ပစ်ခတ်ခဲ့တယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

ဇန်နဝါရီ ၃ ရက် မနက် ၇ နာရီခွဲလောက်က စစ်ကောင်စီရဲ့ ဝင်းတာပန်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့ထားတာကြောင့် လေကြောင်းကနေ ရဟတ်ယာဉ် ၂ စီးနဲ့ လာရောက်ကာ ၁ စင်းက စခန်းအနီးအနားတဝိုက်ကို လေကြောင်းကနေ ပစ်ကူပေး ပစ်ခတ်ပြီး ၁ စင်းက ထောက်ပို့ပစ္စည်းတွေကို ပစ်ချခဲ့တာလို့ KNLA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“လေကြောင်းကနေ ရိက္ခာထုပ်တွေ လာချသွားတယ်။ ကျနော်တို့ဘက်က အထုပ်တွေ ရလိုက်တယ်။ ခဲယမ်းတွေလည်း ပါတယ်။ အထုပ်က ၂ ထုပ်ရတယ်။”

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူတွေရှိပြီး အရေအတွက် အတိအကျကို မသိရသေးဘဲ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ သိရပြီး နှစ်ဖက်တိုက်ပွဲအခြေအနေတွေကို ဒီဗွီဘီက တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013