DVB Logo
Home
မြန်မာသတင်း
ကရင်နီ၌ ၃ နှစ်အတွင်း စစ်တပ်က အရပ်သား ၄၅၀ ကျော်ကို သတ်ဖြတ်၊ အကြိမ် ၁၀၀၀ ခန့် လေကြောင်းတိုက်ခိုက်
DVB
·
January 4, 2024
ကရင်နီ၌ ၃ နှစ်အတွင်း စစ်တပ်က အရပ်သား ၄၅၀ ကျော်ကို သတ်ဖြတ်၊ အကြိမ် ၁၀၀၀ ခန့် လေကြောင်းတိုက်ခိုက်
Donate to DVB

ကရင်နီပြည်မှာ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အရပ်သား ၄၅၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး လေကြောင်းကနေ တိုက်ခိုက်မှု အကြိမ် ၁,၀၀၀ လောက် ရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီ ၃ နှစ်အတွင်း ကရင်နီပြည်တွင်းက စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး အချိုးဖောက်ခံရတာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ပြန်လာတာဖြစ်ပြီး လေကြောင်းကတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ၁ လအတွင်း ၁၀၄ ကြိမ်ရှိခဲ့ပါတယ်။

၃ နှစ်အတွင်းမှာ သတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူ ၄၅၇ ယောက်ရှိပြီး စစ်ရှောင်ပြည်သူတွေထဲကလည်း ၁၄၇ ယောက် သေဆုံးခဲ့တာပါ။ ဒါ့အပြင် ပြည်သူ ၁၅၀ ဟာလည်း မတရားဖမ်းဆီးခံခဲ့ရတယ်လို့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာလထဲမှာတိုက်ပွဲ အကြိမ် ၃၀ ဖြစ်ခဲ့ပြီး ၃ နှစ်အတွင်း တိုက်ပွဲပေါင်း ၉၃၆ ကြိမ်ဖြစ်ခဲ့တယ်လို့ PKPF က ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်ဟာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ခဲ့တဲ့ အစောဆုံးပြည်နယ်တခုလည်း ဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၅၆ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ၆၅၁ ယောက် သေဆုံးခဲ့သလို ပြည်သူ ၂၅၄ ယောက်လည်း သေဆုံးခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအထိ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်တာ အကြိမ် ၈၈၀ ရှိပြီး ဒီဇင်ဘာလကုန်အထိ ၉၈၄ ကြိမ်ရှိတာကြောင့် ၁ လအတွင်း ၁၀၄ ကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကရင်နီပြည်ထဲမှာ စစ်ကောင်စီရဲ့ လေယာဉ် ၂ စင်း ပျက်ကျခဲ့တယ်လို့လည်း မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီ ၃ နှစ်အတွင်း တိုက်ပွဲတွေကြောင့် ဘာသာရေးအဆောက်အုံ ၄၆ လုံး၊ ပြည်သူတွေရဲ့ နေအိမ် ၂,၂၈၁ လုံး၊ ဆေးရုံ၊ ဆေးခန်း ၁၄ လုံးနဲ့ စာသင်ကျောင်း ၂၂ လုံး ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဘက်က ၂,၈၄၈ ယောက်သေဆုံးခဲ့သလို စစ်ကား ၆၈ စီး ပျက်စီးခဲ့ပြီး ကရင်အမျိုးသားများ ကာကွယ်ရေးတပ် KNDF၊ ကရင်နီတပ်မတော် KA နဲ့ PDF ဘက်က ကျဆုံးသူ ၄၃၉ ယောက်ရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013