DVB Logo
Home
မြန်မာသတင်း
ပလက်ဝရှိ ချင်းလက်ဝစစ်စခန်းကုန်းကို ရက္ခိုင့်တပ်တော် သိမ်းပိုက်
DVB
·
January 4, 2024
ပလက်ဝရှိ ချင်းလက်ဝစစ်စခန်းကုန်းကို ရက္ခိုင့်တပ်တော် သိမ်းပိုက်
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ စစ်ကောင်စီရဲ့ ချင်းလက်ဝတပ်စခန်းကုန်းကို ဇန်နဝါရီ ၃ ရက်မှာ ရက္ခိုင့်တပ်တော် (အေအေ) က သိမ်းပိုက်ရရှိခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီတပ်စခန်းကို အေအေတပ်တွေက ဇန်နဝါရီ ၁ ရက်နေ့ကတည်းက ၃ ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရပြီး စခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် ပလက်ဝဒေသအတွင်း ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ ဗျူဟာကုန်းတွေဖြစ်တဲ့ ပလက်ဝမြို့အခြေစိုက် “ပလက်ဝ ၂၈၉ ဗျူဟာကုန်း” နဲ့ “မီးဝဗျူဟာကုန်း” တို့ကိုလည်း  အေအေက ဇန်နဝါရီ ၁ ရက်ကစတင် ထိုးစစ်ဆင် တိုက်ခိုက်နေလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ခလရ ၂၈၉ တပ်ရင်းကို တိုက်ခိုက်ခံနေရတဲ့အတွက် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူတွေနဲ့ လေကြောင်းပစ်ကူတွေ နေ့တိုင်းပေးနေရတယ်လို့ ပလက်ဝမြို့ခံတဦးက ပြောပါတယ်။

“ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက ၂၈၉ တပ်ရင်းကို အေအေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ။ သိပ်ပြင်းပြင်းထန်ထန်တော့ မဟုတ်သေးဘူး။ စစ်ကောင်စီရဲ့ အားနည်းချက်တွေကို အချိန်ယူပြီး ဖြည်းဖြည်းချင်း တိုက်နေတာထင်တယ်။ စစ်ကောင်စီကတော့ လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းပစ်ကူတွေတော့ ပလက်ဝဘက်မှာ နေ့တိုင်းပေးနေရတယ်။ စစ်ကူပစ်ပေးဖို့ ဗျူဟာကုန်းတွေလည်း အေအေက အကုန်သိမ်းလိုက်ပြီဆိုတော့ ဘယ်လောက်တောင့်ခံနိုင်မလဲ စောင့်ကြည့်ရမယ်။ ဒီတပ်ရင်းကျရင် ပလက်ဝမြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်တယ်။”

ခလရ ၂၈၉ ကို လက်နက်ကြီးပစ်ကူပေးနိုင်ဖို့ တည်ဆောက်ထားတဲ့ ခဝဲဗျူဟာကုန်းနဲ့ နှုံးဘူးဗျူးဟာကုန်းတို့ကို အေအေက ဒီဇင်ဘာလအတွင်းနဲ့ ဇန်နဝါရီ လဆန်းပိုင်းမှာ သိမ်းပိုက်ရရှိခဲ့ပါတယ်။

ခလရ ၂၈၉ တပ်ရင်းကို တိုက်ခိုက်နေတဲ့အတွက် ပလက်ဝမြို့ခံတချို့လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒါ့အပြင် မသိမ်းပိုက်ဘဲ ကျန်ရှိနေသေးတဲ့ ပလက်ဝဒေသအတွင်းက စစ်ကောင်စီတပ်စခန်းတွေသာမက စစ်ကောင်စီရဲ့ စခန်းတခုမကျန် အပြတ်ချေမှုန်း တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေဖြစ်တဲ့ ခလရ-၂၃၃၊ ခမရ-၃၇၄၊ ခမရ-၃၇၆၊ ခမရ-၃၀၈၊ ခမရ-၂၁၁၊ ခမရ-၂၁၇၊ ခလရ-၂၈၉၊ ခမရ-၂၂၀ တို့ကိုလည်း ဇန်နဝါရီ ၁ ရက်က ချဉ်းကပ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂ ရက်ကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ပလက်ဝမြို့အတွင်းရှိ ခမောင်းဝတပ်စခန်းကို ရက္ခိုင့်တပ်တော်ဘက်က သိမ်းပိုက်ရရှိခဲ့ပါတယ်။

လက်ရှိအချိန်အထိ ပလက်ဝမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ ဗျူဟာကုန်း ၃ ခု အပါအဝင် တပ်စခန်းပေါင်း ၂၁ ခုအထိ အေအေဘက်က သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီရဲ့ ဗျူဟာကုန်းကြီးတွေ အပါအဝင် တပ်စခန်း အများအပြားကို ရက္ခိုင့်တပ်တော်က အပြင်းအထန် တိုက်ခိုက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013