Home
မြန်မာသတင်း
ကျောက်တော်နှင့်ထီးချိုင့်တွင် ဗုံးကြဲမှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရ၊ ရသေ့တောင်ပြည်သူ ၁ ဦး မိုင်းနင်းမိ
DVB
·
January 3, 2024

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာကို ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦး သေဆုံးခဲ့ပြီး ၃ လသားအရွယ် ကလေးတဦး အပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲပြင်းထန်နေတဲ့ တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင် ဗျူဟာကုန်းက ဗုံးကြဲပြီး ပြန်လာတဲ့ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်ဟာ အလယ်ကျွန်းရွာထဲကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ နေအိမ် ၅ လုံး ပျက်စီးသွားတယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။

“တောင်ရှည်တောင် ဗျူဟာကုန်းဘက်က တိုက်ခိုက်ပြီးလာတဲ့ ဂျက်ဖိုင်တာနှစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့တာ။ အဲဒီမှာ ဗုံးတွေ ရွာထဲမှာ ကျရောက်ပြီးတော့ ကလေးမိခင်တဦး ဝမ်းဗိုက်အူထွက်ပြီး သေဆုံးသွားတယ်။ သူ့ရဲ့ သုံးလသားအရွယ် ကလေးက ဒဏ်ရာရသွားတယ်။ နောက်ထပ်လူတွေလည်း အစုလိုက် အပြုံလိုက် ဒဏ်ရာရသွားကြတယ်။”

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူမှာ အသက် ၃၂ နှစ်အရွယ် ဒေါ်ခိုင်အေးနုဖြစ်ပြီး သူမရဲ့ သုံးလသားကလေး အပါအဝင် မောင်မျိုးချစ်အောင် ၂ နှစ်၊ မခိုင်နုဝါ ၇ နှစ်၊ မသိန်းဦးနွယ် ၁၈ နှစ်၊ မခိုင်အေးဆန်း ၂၇ နှစ်၊ ဒေါ်ဦးဆန်းနွယ် ၃၀ နှစ်၊ ဒေါ်မစောနွယ် ၃၁ နှစ်၊ ဒေါ်ခိုင်ခိုင်ညွန့် ၃၂ နှစ်တို့မှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြပြီး အဲဒီအထဲက ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရ​တဲ့ အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။

တင်းမကျေးရွာအနီးမှာရှိတဲ့ တောင်ရှည်တောင် ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (အေအေ) ဘက်က ဒီဇင်ဘာ ၂၅ ရက်ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က ဗျူဟာကုန်း ကျမသွားဖို့ လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ ခုခံတိုက်ခိုက်မှုတွေ ရှိပါတယ်။

အဲဒီ တောင်ရှည်တောင်ဗျူဟာကုန်း တိုက်ခိုက်ခံရကတည်းက စစ်ကောင်စီဟာ အဲဒီဗျူဟာကုန်းအနီးနဲ့ နီးစပ်ရာ ကျေးရွာတွေကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ကျောက်တော်အခြေစိုက် စခက ၉ က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် တောင်ရှည်တောင် ဗျူဟာကုန်း အနီးအနားရှိ မြောက်တောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၄ နှစ်အရွယ် ကလေးတဦး သေဆုံးပြီး ဒေသခံ ၅ ဦး ဒဏ်ရာရရှိသွားပါတယ်။

တောင်ရှည်တောင် ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်ရရှိဖို့ အေအေဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီက ဗျူဟာကုန်း မကျရှုံးရေး ဂျက်ဖိုက်တာ ၂ စီးအပြင် ကျောက်တော်အခြေစိုက် စခန်းတွေကလည်း အတွဲလိုက်ဒုံး အများအပြား အသုံးပြုပြီး ခုခံကာကွယ်နေ​တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီ ၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အခု တကျော့ပြန် ရခိုင်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီ လေကြောင်းပစ်ခတ်မှု​နဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးသူ ၅၀ ကျော်နဲ့ ဒဏ်ရာရသူ ၂၀၀ နီးပါးအထိ ရှိလာနေပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက် မြို့ဆိုင်းဘုတ်နားမှာ ဇန်နဝါရီ ၃ ရက် မနက် ၁၀ နာရီလောက်မှာ ပြည်သူတယောက် စစ်ကောင်စီရဲ့ ခမရ ၅၃၇ တပ်ရင်းက ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိပြီး ညာဘက်ခြေထောက်တဖက်  ပြတ်ထွက်သွားကာ အပြင်း အထန် ဒဏ်ရာရရှိခဲ့တယ်လို့ ရသေ့တောင်မြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့သူကတော့ ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်က အသက် ၂၁ နှစ်အရွယ် ကိုမောင်ဆန်းလင်းဖြစ်ပြီး ရသေ့တောင်မြို့နယ် ပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

ရသေ့တောင်မြို့နယ်မှာ ဇန်နဝါရီ ၁ ရက် ညနေကလည်း ပြည်သူတယောက် စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တဖက် ပြတ်ထွက်သွားကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ဝဲကြီးရွာကို စစ်ကောင်စီတပ်က ဒီနေ့ ဇန်နဝါရီ ၃ ရက် နေ့လယ် ၁၁ နာရီခွဲကျော်က လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် အရပ်သား အမျိုးသား ၃ ဦး နေရာတင်သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ထီးချိုင့်ဒေသခံ ရွာသားတဦးက “ဘယ်လိုကြောင့် လာပစ်တယ်ဆိုတာတော့ မသိပါဘူး။ မြေပြင်မှာတော့ ဘာမှမရှိပါဘူးကွယ်။ သူတို့ထင်ကြေးနဲ့ကို လိုက်ဗုံးချနေတာ။ လေယာဉ်သံကြားရင်ကို ကြောက်နေရတဲ့ဘဝတွေ ဖြစ်နေပြီ။ နောက်ထပ် လယာဥ်နဲ့လာပြီး ထပ်ချဦးမယ်ဆိုတဲ့ သတင်းတွေကြောင့် ရွာထဲမနေရဲဘဲ ရွာအပြင် ထွက်ပြေးနေကြရတယ်။ သူတို့ချတာက ဗုံးအကြီး ၂ လုံးချတာ။ တလုံးက ရွာထဲကျတယ်။ နောက်ထပ်တလုံးက ဝဲကြီးရွာနဲ့ ကျူတောင်ကြားတလုံး စုစုပေါင်း ၂ လုံးချသွားတာ။ ဘယ်ကလာချတာလဲဆိုတော့ မြစ်ကြီးနားနဲ့ မန္တလေး တံတားဦး၊ အဲဒီကနေ လာလာချနေတာပဲ။ အခုဟာကတော့ ဘယ်ကလာတယ်ဆိုတာကို မသိလိုက်ဘူး” လို့ ပြောပါတယ်။

ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်က လေယာဉ်အသုံးပြုပြီး နေ့တိုင်းလိုလို ဗုံးချတိုက်ခိုက်နေသလို ထီးချိုင့်မြို့နယ် ကျေးရွာတွေဆီကိုလည်း ဗုံးသီးချ တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၃၁ ရက်ကလည်း ထီးချိုင့်မြို့နယ် ကံပေါက်ရွာကို အခုလို ဗုံးသီးချတိုက်ခိုက်လို့ ၆ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးပြီး အရပ်သား ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေပါတယ်။

အခုလို‌ ကျေးရွာအတွင်း ဗုံးသီးချတာကြောင့် ဒေသခံအရပ်သားတွေရဲ့ နေအိမ်အများအပြားလည်း ပျက်စီးမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024