DVB Logo
Home
မြန်မာသတင်း
ရမ်းဗြဲနှင့်ကျောက်တော်တွင် လက်နက်ကြီးအပါအဝင် ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် ၂ ဦးသေဆုံး၊ အိမ် ၅ လုံးမီးလောင်
DVB
·
January 2, 2024
ရမ်းဗြဲနှင့်ကျောက်တော်တွင် လက်နက်ကြီးအပါအဝင် ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် ၂ ဦးသေဆုံး၊ အိမ် ၅ လုံးမီးလောင်
Donate to DVB

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ကို ဇန်နဝါရီ ၂ ရက် ညနေမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၅ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရမ်းဗြဲမြို့ကို ဇန်နဝါရီ ၂ ရက်နေ့ ညနေ ၃ နာရီ ၁၀ နစ်လောက်မှာ မကွေးလေတပ်စခန်းက ဂျက်ဖိုက်တာတစင်းနဲ့ ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီလောက်မှာလည်း ဂျက်ဖိုက်တာတစီးနဲ့ ဗုံး ၄ လုံး ထပ်မံကြဲတိုက်ခိုက်ခဲ့တယ်လို့ ရမ်းဗြဲမြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရမ်းဗြဲမြို့ အမှတ် ၄ ကင်းတဲရပ်ကွက်မှာ ကျရောက်ပေါက်ကွဲကာ အိမ် ၅ လုံး မီးလောင်ကျွမ်းခဲ့ပြီး တောင်ကျောင်းနားမှာလည်း ကျရောက်ပေါက်ကွဲခဲ့သလို တခြားနေရာတွေမှာလည်း ကျရောက်ပေါက်ကွဲတာတွေရှိတယ်လို့ ဆိုပါတယ်။

“ရမ်းဗြဲမြို့ကို စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ် ၂ စင်းနဲ့ လာရောက် ဗုံးကြဲတာပါဗျ။ အဲဒီလေယာဥ်ပေါ်ကနေ စက်သေနတ်တွေနဲ့လည်း ပစ်ခတ်ခဲ့တယ်။ လူတွေတော့ ထိခိုက်သူမရှိပေမယ့် ကင်းတဲရပ်ကွက်က အိမ် ၅ လုံးမီးလောင်သွားတယ်” လို့ ရမ်းဗြဲဒေသခံက ပြောပါတယ်။

ရမ်းဗြဲမြို့မှာ ဒီဇင်ဘာ ၃၁ ရက်နေ့ မနက်မှာလည်း စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် ဒဏ်ရာရရှိခဲ့ကာ ဒီဇင်ဘာ ၂၅ ရက် ညနေမှာလည်း စစ်ကောင်စီက ဂျက်တိုက်လေယာဥ်တစင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တယောက် အပါအဝင် ၂ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာကို ကျောက်တော်အခြေစိုက် စခက ၉ လက်အောက်ခံ လိပ်ကုန်းစစ်ကောင်စီတပ်စခန်းက ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၁ နာရီကျော်လောက်မှာ တကြိမ်၊ ညနေ ၃ နာရီ ၂၀ မိနစ်မှာ တကြိမ်၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းနားနဲ့ ရွာထဲမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကျောက်တော်မြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မျောက်တောင်ကျေးရွာက ကလေးငယ်တယောက်နဲ့ အမျိုးသားတယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့တဲ့သူကတော့ မျောက်တောင်ကျေးရွာက အသက် ၃ နှစ်အရွယ် မောင်ညဏ်ဟိန်းနဲ့ အသက် ၂၂ နှစ်အရွယ် ကိုမောင်ပြား ဖြစ်ပြီး အသက် ၆၂ နှစ်အရွယ် ဒေါ်ဦးညွန့်စိန်၊ အသက် ၃၉ နှစ်အရွယ် ဒေါ်ဌေးဌေး၊ အသက် ၃၁ နှစ်အရွယ် ဦးကျော်သန်းလှိုင်၊ အသက် ၆၈ နှစ်အရွယ် ဒေါ်ပြားမနဲ့ အသက် ၄၀ အရွယ် ဒေါ်လှနုယဥ်တို့မှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး နီးစပ်ရာဆေးခန်းမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

ကျောက်တော်မြို့မှာ ဒီဇင်ဘာ ၁၆ ရက် ညပိုင်းကလည်း ဒေသခံပြည်သူတယောက်ကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် စတင်ပြီးနောက်ပိုင်း ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့ရောညပါ ပစ်ခတ်ခဲ့လို့ နေအိမ်အဆောက်ဦတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေ ထိခိုက်ပျက်စီးကာ ဒေသခံပြည်သူ ၅၀ ကျော်လောက် သေဆုံးပြီး ၁၃၀ ကျော်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013