DVB Logo
Home
မြန်မာသတင်း
အထက်ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်းကြောင့် ပြောင်းရွှေ့ကျေးရွာဒေသခံများ လိုအပ်ချက်ရှိ
DVB
·
August 24, 2014
အထက်ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်းကြောင့် ပြောင်းရွှေ့ကျေးရွာဒေသခံများ လိုအပ်ချက်ရှိ
Donate to DVB

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အနီးကို အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းကြောင့် ပြောင်းရွှေ့ခံခဲ့ရတဲ့ ကျေးရွာ ၂၃ ရွာက ဒေသခံတွေ လိုအပ်ချက်တွေ ရှိနေပါတယ်။

နေပြည်တော်မြို့နယ် အနီးက အထက်ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်းကြောင့် ရေနစ်မြုပ်နိုင်တဲ့ ကျေးရွာ ၂၃ ရွာကဒေသခံတွေကို ၂၀၁၃ ခုနှစ်ထဲက ပင်လောင်းမြို့ အနီးကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီဒေသခံတွေက လယ်ယာမြေလိုအပ်ချက်တွေ ရှိနေတာပါ။

[caption id="attachment_63208" align="alignright" width="300"]PoungLong အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပြောင်းရွှေ့ကျေးရွာများကို သြဂုတ် ၂၃ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ထွန်းထွန်းသိန်း)[/caption]

ထိန်ပင်ကျေးရွာသစ်မှာနေထိုင်တဲ့ ဦးဖိုးထွေးကတော့ အရင်ရွာဟောင်းက ရေမနစ်မြုပ်သေးတဲ့ လယ်မြေမှာ သွားရောက်လုပ်ကိုက်နေပြီး လုပ်စားပိုင်ခွင့်ဖြစ်တဲ့ အကွက်တခုလောက် ပေးစေချင် တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“အခက်အခဲဖြစ်နေတာကတော့ လုပ်စားပိုင်ခွင့်လေး၊ ကုန်းဆိုလည်း ကုန်းကွက်လေးပေါ့၊ လယ်ဆိုလည်း လယ်ကွက်လေးပေါ့ ဘယ်လိုပဲရရ ရင်ကျေနပ်ပါတယ်။ ကျနော်တို့က တောင်သူ အလုပ်လေးတွေကိုပဲ အားထားနေရတာ။ အခု ရေမနစ်မြုပ်သေးတဲ့ လယ်မြေမှာပဲ သွားလုပ်နေရတယ်။”

ကျေးရွာသားတဦးဖြစ်တဲ့ ဦးမောင်မောင်ကလည်း လက်ရှိကျေးရွာသစ်မှာ ပေးထားတဲ့ လယ်ယာမြေများမှာ သစ်တောပိုင်မြေဖြစ်တဲ့အတွက် ဦးပိုင်မဖြစ်နိုင်ပဲ နိုင်ငံတော်က ဦးပိုင်အဖြစ် အမြန်ဆုံး ပေးစေလိုတယ်လို့ အခုလိုပြောပါတယ်။
“ကနေ့အထိ ပြည်နယ်၊ မြို့နယ်အထက်အဆင့်ဆင့်ကနေပြီးတော့ ကျနော်တို့မှာ ဦးပိုင် ဖောက်လို့မရဘူးတဲ့။ ဘာလို့ လုပ်စားလို့ မရလဲဆိုတော့ သစ်တောမြေဖြစ်တဲ့အတွက် သစ်တောမြေက နုတ်ပြီးမှာသာ ဦးပိုင်ဖောက်လို့ရမယ်လို့ ပြောတယ်။ ကျနော်တို့မှာ ဒီစိုက်ပျိုးရေးနဲ့ ဒါလေးတွေ လုပ်မှ ဘ၀ရပ်တည်မှု ရှိမှာကိုး။ အဲဒီလို လုပ်မပေးဘူးဆိုတော့ ကျနော်တို့မှာ ကိုယ့်အလုပ်ကိုယ် မလုံမလဲနဲ့ လုပ်စားနေရတဲ့ ဘ၀ ဖြစ်နေတယ်။ အဲဒီတော့ နိုင်ငံတော်ကနေပြီး မြန်မြန်တိုင်းတာ၊ သစ်တောက မြန်မြန်ခွင့်ပြုပြီးတော့ မြန်မြန်ကို ဦးပိုင်တွေ ဖောက်ပေးစေချင်တယ်။”

ရှမ်းပြည်နယ်၊ လျှပ်စစ်စွမ်းအးဝန်ကြီး ဦးစိုင်းထွန်းရင်ကတော့ ကျေးရွာ ၂၃ ရွာက အိမ်ခြေ ၂၅၂၄ အိမ်ကို လယ်ယာနဲ့ အိမ်တွေအစားထိုးပေးပြီး မရသေးရင် သက်သေ အထောက်အထားနဲ့ တင်ပြနိုင်တယ်လို့လည်း အခုလိုပြောပါတယ်။
“ကျေးရွာ ၂၃ ရွာကို ပြောင်းရွှေ့တယ်။ အိမ်ခြေပေါင်း ၂၅၂၄ အိမ်ရှိတယ်။ အဲဒါကို လယ်ပိုင်တဲ့ သူကို လယ်အစားထိုးပေးတယ်။ အိမ်ပိုင်တဲ့သူကို အိမ်အစားထိုးပေးတယ်။ တကယ်လို့ မပေးရသေးဘူးဆိုရင် ကျနော်တို့အစိုးရက ချက်ချင်းလက်ငင်းပေးပေးမယ်။ ဒါပေမယ့် သက်သေ အထောက်အထားတော့ တင်ပြနိုင်ရမယ်။ ရှမ်းပြည်နယ်အစိုးရကို တင်ပြလို့ရတယ်။”

အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းကြောင့်ရေနစ်မြုပ်နိုင်တဲ့ ကျေးရွာ ၂၃ ရွာက ဒေသခံ ၉၇၀၀ ကျော်ကို ပင်လောင်မြို့အနီးက သပြေကုန်း၊ ထိန်ပင်ကျေးရွာသစ်များကို ပြောင်းရွှေ့ပေးခဲ့ပြီး မကြာမီ ပေါင်းလောင်းမြို့သစ်အဖြစ် နိုင်ငံတော်က တရားဝင်ပြုလုပ်ပေး မယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးမော်သာထွေး ကပြောပါတယ်။

“နိုင်ငံတော်ထဲမှာကို စာရင်းပေါက်အဖြစ်နဲ့ မြို့လေးတမြို့ဖြစ်လာဖို့ မကြာတော့ပါဘူး။ မြို့တမြို့ဖြစ်လာရင် မြို့ရဲ့ ခံစားခွင့်တွေ အကုန်ခံစားလာရမယ်။ မြို့ဖြစ်လာရင် ဆေးရုံတွေ ရလာမယ်၊ ရဲစခန်းတွေ ရလာမယ်၊ စာသင်ကျောင်းတွေ အဆင့်မြင့်ပြီးတော့မှ မြို့နဲ့တန်တဲ့ အုပ်ချုပ်ရေး ယန္တရားတွေ ရောက်လာမယ်။”

အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက နေပြည်တော်၊ ပျဉ်းမနားမြို့ရဲ့ ၂၆ မိုင်အကွာမှာ၂၀၀၅ ခုနှစ်မှ စတင်တည်ဆောက်နေပြီး ၂၀၁၅ ခုနှစ်မှာ ပြီးစီးကာ ၁၄၀ မီဂါဝပ်နဲ့ ပြည်တွင်းသုံးစွဲရန် ပင်မဓာတ်အားပေးစနစ်ထဲသို့ ဖြန့်ချိ သွားမယ်လို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ကြေညာချက်ထုတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013