DVB Logo
Home
မြန်မာသတင်း
ရခိုင်ပညာရေးဝန်ထမ်းအချို့ လစာရပ်တန့်ခံထားရ
DVB
·
January 1, 2024
ရခိုင်ပညာရေးဝန်ထမ်းအချို့ လစာရပ်တန့်ခံထားရ
Donate to DVB

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ ဒေသမတည်ငြိမ်မှုတွေကြောင့် တာဝန်ကျရာ စာသင်ကျောင်းတွေကို မလာရောက်နိုင်တဲ့ ရခိုင်က ပညာရေးဝန်ထမ်းတွေကို သက်ဆိုင်ရာ ပညာရေးရုံးတွေကနေ ဒီဇင်ဘာလအတွက် သတ်မှတ်လစာကို ရပ်တန့်ထားတယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလရဲ့ သတ်မှတ်လစာကို သက်ဆိုင်ရာ မြို့နယ်ပညာရေးဌာနတွေကနေ ဒီဇင်ဘာ ၂၉ ရက်ကစပြီး အသီးသီး ထုတ်ပေးခဲ့ပေမဲ့ ပညာရေးဝန်ထမ်းတချို့ကတော့ လစာမရကြဘူးလို့ ဆိုပါတယ်။

ဒီဇင်ဘာလအတွက် သတ်မှတ်လစာမရရှိတဲ့ အမ်းမြို့မှ ကျောင်းဆရာတဦးက “လစာက မထုတ်ပေးတာပါ။ ကျနော်တို့ ကျောင်းမတက်တာကြောင့်လို့ ပြောတယ်။ ကျနော်တို့ တာဝန်ကျရာ ကျောင်းတွေက လမ်းကြောင်းတွေ ပိတ်ခံထားရတဲ့ ဒေသတွေမှာ ရှိနေတယ်။ သွားရေးလာရေးနဲ့ လုံခြုံရေးအာမခံချက် ဘာမှမရှိပါဘူး” လို့ ပြောပါတယ်။

ကျောင်းမတက်ရောက်နိုင်တဲ့ ပညာရေးဝန်ထမ်းတွေကို ကျောင်းသွားတက်ကြဖို့ သက်ဆိုင်ရာ ကျောင်းအုပ်နဲ့ ပညာရေးမှူးတွေကလည်း ဖိအားပေးနေကြတာ ရှိတယ်လို့လည်း စစ်တွေမြို့နယ်မှ ပညာရေးဝန်ထမ်းတဦးက ပြောပါတယ်။

“မရတဲ့ဝန်ထမ်းတွေရဲ့ လစာတွေက သက်ဆိုင်ရာ ပညာရေးဌာနတွေမှာပဲ ရှိနေတယ်လို့ သိရပါတယ်။ ကျောင်းသွားတက်ဖို့ကိုလည်း ဖိအားပေးခံရတယ်။ အမြဲတမ်းမဟုတ်ရင်လည်း တပတ်ကို ဘယ်နှစ်ရက်လောက် သွားတက်ရမယ်ပေါ့။ ဒါပေမဲ့ လုံခြုံရေးအာမခံချက် မရှိတဲ့နေရာကို ကျမတို့ မသွားနိုင်ဘူး။”

အမ်းနဲ့ ကျောက်ဖြူမြို့နယ်တွေအပြင် တခြားမြို့နယ်တွေမှာလည်း လမ်းကြောင်းပိတ်ခံထားရတဲ့ ဒေသတွေမှာ တာဝန်ကျနေတဲ့ ဆရာ ဆရာမတွေဟာ လစာမရကြဘူးလို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း မြို့နယ်တချို့က ပညာရေးဝန်ထမ်း အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတချို့ လစာမရတာတွေ ရှိခဲ့ပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ မြို့နယ်အသီးသီးက လမ်းကြောင်းတွေအားလုံး ပိတ်ဆို့ခံထားရတာနဲ့ တည်ငြိမ်မှုမရှိတဲ့ အခြေအနေတွေကြောင့် စာသင်ကျောင်းတွေ အားလုံးနီးပါး ပိတ်ထားကြရတဲ့အပြင် ကျန်းမာရေးဌာနကလွဲရင် တခြား ဌာနဆိုင်ရာ အားလုံးနီးပါးဟာလည်း ရုံးမတက်ကြတော့ဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013