DVB Logo
Home
မြန်မာသတင်း
ကျိုက်လတ်တွင် လုံခြုံရေးအကြောင်းပြပြီး ရေယာဉ်များကို စစ်ဆေးငွေညှစ်နေ
DVB
·
December 31, 2023
ကျိုက်လတ်တွင် လုံခြုံရေးအကြောင်းပြပြီး ရေယာဉ်များကို စစ်ဆေးငွေညှစ်နေ
Donate to DVB

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ စစ်ကောင်စီရဲနဲ့ ပြည်သူ့စစ်တွေက လုံခြုံရေးအတွက်လို့ အကြောင်းပြပြီး ရေယာဉ်တွေကို စစ်ဆေး ငွေညှစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ကျိုက်လတ်မြို့နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်တွေ၊ ရဲတွေ၊ အရပ်ဝတ်နဲ့ စစ်သားဆိုသူတွေက ဒေသတည်ငြိမ်အေးချမ်းသာယာရေး၊ ဒေသလုံခြုံရေးလို့ ခေါင်းစဉ်တပ်ပြီး ဒီဇင်ဘာ ၂၈ ရက်က စလို့ ရေယာဉ်တွေ ဆိုက်ရောက်တာများတဲ့ ဆိပ်ကမ်းတွေမှာ အသင့်စောင့်ပြီး စက်လှေငယ် ၁ စင်းကို ငွေ ၇၀,၀၀၀ အထိ စစ်ဆေးငွေညှစ်နေတာလို့ ဆိုပါတယ်။ 

ကိုယ်တွေ့ကြုံရတဲ့ ဒေသခံတယောက်က “ဒေသမှာ အသက် ၆၀ ကျော်လာပြီ။ တခါမှ ဒါမျိုးမကြုံဖူးဘူး။ ဟွန်ဒါတပ် စက်လှေငယ်လေး ၁ စင်းကို လုံခြုံရေးအတွက်ဆိုပြီး ဆင်းစစ်တော့ လိုင်စင်မရှိတာကြောင့်ဆိုပြီး ငွေညှစ်တာ၊ ရှိစုမဲ့စုလေး ခုနစ်သောင်း တောင်းတာ ပေးလိုက်ရတယ်။ အသက်ကြီးမှ အဖမ်းမခံနိုင်ဘူးလေ။ သူတို့လက်ထဲရောက်ရင် သေမှာ။ လိုင်စင်ရှိသင့်တဲ့ သင်္ဘောကြီးမှ မဟုတ်တာ။ ကိုယ့်ဒေသထွက် အသီးနှံလေးတွေ မြို့တက် ရောင်းဖို့ စက်တပ်ထားတဲ့ စက်လှေလေးပါ” လို့ ပြောပါတယ်။

လုံခြုံရေးအကြောင်းပြပြီး ငွေညှစ်တဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့မှာ အနည်းဆုံး အင်အား ၁၅ ယောက်လောက်ပါပြီး မြို့ပေါ်ကို ကျေးရွာဘက်က ဒေသခံပြည်သူတွေ ငါး၊ အသား ပုစွန်နဲ့ ဒေသထွက်ကုန်တွေ လာရောင်းတာများတဲ့ မနက်စောစောအချိန်နဲ့ ညနေဘက် အချိန်တို့မှာ စောင့်ပြီးလုပ်တတ်တယ်လို့ သိရပါတယ်။ 

ဒေသခံတယောက်က “အရင်ကလည်း အခုလို လုပ်တယ်။ ၁၅ ရက် တခါလောက်ပေါ့။ အခုတော့ ရက်ဆက်ပဲ။ လက်နက်တွေအပြည့်နဲ့၊ တောင်းတဲ့အတိုင်း မပေးရင် အဖမ်းခံရမယ်လို့ ခြိမ်းခြောက်သေးတယ်။ ရဲတွေရော ပြည်သူ့စစ်တွေရောက မနက်မိုးမလင်းသေးဘူး  အရက်သောက်ထားတာ။ မူးနေတဲ့ပုံပေါက်နေတာကို။ ပြည်သူ့အတွက် လုံခြုံရေးဆို ဘာလို့ ငွေညှစ်လဲ၊ ဘာလို့ ခြိမ်းခြောက်မလဲ။ သူတို့ပဲ ကြောက်နေရတာ” ပြောပါတယ်။

ကျိုက်လတ်မြို့နယ်အနေနဲ့ ၁ လကို ငွေကျပ်သိန်း ၁၅၀၀ အထိ လစဉ် စစ်ကောင်စီကို ရန်ပုံငွေရှာပေးဖို့ သတ်မှတ်ထားတာရှိတာကြောင့် အခုလိုတွေ လုပ်နေရတာလို့လည်း စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။

ကျိုက်လတ်မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း မော်တော်ဆိုင်ကယ် ဦးထုပ်မဆောင်းလို့ ဆိုပြီး လူငယ်အမျိုးသား ၄ ယောက်ကို စစ်ကောင်စီရဲနဲ့ တပ်က ဖမ်းဆီးပြီး ၁ ယောက်ကို ၂ သိန်းစီ ငွေညှစ်ခဲ့ပြီး ပြန်လွှတ်ပေးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013