DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ အလုပ်သမားများထံမှ အခွန်ကောက်ရန် စစ်ကောင်စီ ကြိုးပမ်းနေ
DVB
·
December 31, 2023
ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ အလုပ်သမားများထံမှ အခွန်ကောက်ရန် စစ်ကောင်စီ ကြိုးပမ်းနေ
Donate to DVB

စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ်သမားတွေဆီကနေ လစဉ် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ဖို့ အပြင် MoU အလုပ်သမားတွေနဲ့ အထောက်အထားမဲ့ အလုပ်သမားတွေဆီကပါ အခွန်ကောက်ဖို့ ကြိုးပမ်းနေပါတယ်။

ပြည်ပရောက် မြန်မာအလုပ်သမားတွေဆီကနေ ဝင်ငွေခွန် ကောက်ခံဖို့ စစ်ကောင်စီ လက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၃ အောက်တိုဘာ ၁ ရက်က စတင်ကာ အလုပ်သမားတွေရဲ့ လစာဝင်ငွေအပေါ် မူတည်ပြီး အခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာ အလုပ်သမားအများစု အလုပ်လုပ်ကိုင်ကြတဲ့ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့မှာရှိတဲ့ မြန်မာသံရုံးတွေကတဆင့် အလုပ်သမားတွေ သက်ဆိုင်ရာ နိုင်ငံအလိုက် အခွန်ပေးဆောင်ကြဖို့ ဒီဇင်ဘာလ ဒုတိယပတ်ကစလို့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီက နှစ်နိုင်ငံသဘောတူညီစာချုပ် MoU စနစ်နဲ့ အလုပ်လုပ်တဲ့ အလုပ်သမားတွေအပြင် အထောက်အထားမဲ့ နယ်စပ် ဖြတ်ကျော်ဝင်ရောက်ပြီး၊ ထိုင်းနိုင်ငံမှာ CI (ဘယ်သူဘယ်ဝါဖြစ်ကြောင်း အထောက်အထား လက်မှတ်) နဲ့ နေထိုင်လုပ်ကိုင်သူတွေကိုပါ အခွန်ကောက်ဖို့ လုပ်ဆောင်နေတာပါ။

WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက “ကျနော်တို့အနေနဲ့ သဘောထား မှတ်ချက်ပြောရရင် ဒါက လုံးဝ အဆင်မပြေဘူး။ လက်ရှိမှာက အလုပ်သမားတွေက စာအုပ်သက်တမ်းတိုးရတာနဲ့ CI လုပ်ရတာနဲ့ အခုဆိုရင် Name list သမားတွေဆို စာအုပ်သက်တမ်း တိုးရတော့တယ်။ ဒါတွေက ငွေရေးကြေးရေး ကုန်ခန်းတဲ့ အနေအထားတွေ ဖြစ်တာပေါ့။ အခုတခါ သူတို့က ငွေရေးကြေးရေး ထပ်ပြီးတော့ ကောက်ခံတယ်ဆိုရင် အဆင်မပြေဘူး။ အလုပ်သမားတွေမှာ အများကြီး တွေ့ကြုံနေရတဲ့ အနေအထား ရှိတယ်။ အဓိကကတော့ အခွန်မပေးဆောင် သူတို့ဘက်က ကောက်ကျစ်ဖို့တော့ ရှိမှာပေါ့”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ပုံစံအမျိုးမျိုးနဲ့ လုပ်ကိုင်နေကြတဲ့ စက်ရုံအလုပ်ရုံ၊ စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းနဲ့ အထွေထွေ အလုပ်သမား စတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လစာဝင်ငွေကို ဘတ် ၇၅၀၀ သတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ လစဉ် ဘတ် ၁၅၀ ပေးသွင်းဖို့ ထုတ်ပြန်ထားပါတယ်။

အခုလို ဝင်ငွေနည်းပါးတဲ့ မြန်မာအလုပ်သမားတွေဆီက ရသမျှနည်းနဲ့ အခွန်ကောက်ခံဖို့ ကြိုးစားတာဟာ အလုပ်သမားတွေရဲ့ ချွေးနှဲစာကို အဓမ္မနည်းနဲ့ သိမ်းယူတာလို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက မှတ်ချက်ပေးပါတယ်။

ရောင်ခြည်ဦးအလုပ်သမားအခွင့်အရေး အစည်းအရုံးတာဝန်ခံ ဦးမိုးကျော်က “အဲဒီဝင်ငွေတွေကရော အလုပ်သမားတွေဆီကရတဲ့ ချွေးနှဲစာ အခွန်ငွေတွေကရော ဘယ်လို စီမံခန့်ခွဲမှာလဲ။ ပြည်သူက ရွေးချယ်ထားတဲ့ အစိုးရမဟုတ်ဘဲနဲ့ အာဏာသိမ်းထားတဲ့ သူတယောက်ကနေ၊ အဲဒီ အာဏာသိမ်းတာကိုလည်း မကြိုက်ဘူး။ မကြိုက်တဲ့ကြားကနေ အခွန်ကောက်တယ်ဆိုတော့ ဒါက ဒီလုပ်ရပ်က လုံးဝ တရားဝင်တာ မဟုတ်ဘူး။ သူတို့က တရားဝင်အစိုးရလည်း မဟုတ်ဘူး။ သတ်သတ်သာ အလုပ်သမားတွေဆီကနေ ခြိမ်းခြောက်ပြီး၊ ဓားပြတိုက်ပြီးတော့ ယူတယ်လို့ပဲ သုံးသပ်ပါတယ်”လို့ ပြောပါတယ်။

လစဉ်အခွန် ၂ ရာခိုင်နှုန်း ပေးသွင်းမယ်ဆိုရင် ၇၅၀၀ ဘတ်နဲ့ ညီမျှတဲ့ မြန်မာငွေကို ငွေဖြူအဖြစ် ရရှိမှာဖြစ်ပြီး မြန်မာနိုင်ငံ ပြန်ရောက်တဲ့အခါ အိမ်ခြံမြေ၊ တိုက်ခန်း၊ မော်တော်ယာဉ် စတဲ့ ပစ္စည်းတွေ ဝယ်တဲ့အခါ ငွေဖြူစာရင်းအပေါ် တွက်ချက်ပြီး ဝင်ငွေခွန် လျှော့ပေးမယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအလုပ်သမားတဦးက “ရတဲ့လစာနဲ့ တရားဝင် အထောက်အထားဖြစ်အောင် ဒီဘက်မှာ လုပ်ရတဲ့ ပမာဏတွေက ကိုက်ညီမှုတော့ မရှိဘူး။ အဲဒီအတွက်ကို မနည်း အလျင်မီအောင် လုပ်နေရတယ်။ ဒီဘက်မှာ အလုပ်လာလုပ်တယ်ဆိုတာ ကိုယ့်အိမ်ကို ငွေကြေး ထောက်ပံ့နိုင်အောင် အလုပ်လာလုပ်တာ။ ဒါကို စစ်ကောင်စီက ကြားထဲကနေ အခွန်ဖြတ်ပြီး ယူမယ်ဆိုရင်တော့ ထိုင်းဘက်မှာ ရောက်နေတဲ့ ကျနော်တို့ အလုပ်သမားတွေအတွက် တော်တော် အကျပ်အတည်း ဖြစ်သွားမယ်လို့ပဲ မြင်တယ်”လို့ ပြောပါတယ်။

ဘန်ကောက် မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ အလုပ်သမားတွေ ပတ်စ်ပို့စာအုပ် အသစ်လဲတာ၊ သက်တမ်းတိုးတာနဲ့ CI စာအုပ်အသစ် လုပ်တာ ဒါမှမဟုတ် သက်တမ်းတိုးတဲ့အခါ အခွန်ပေးသွင်းမှု အထောက်အထားလက်မှတ် ရှိမှ သက်တမ်းတိုး ကိစ္စတွေ လုပ်ဆောင်ပေးသွားမယ်လို့ ပါရှိပါတယ်။

စစ်ကောင်စီက အလုပ်သမားတွေဆီကနေ နည်းလမ်းမျိုးစုံနဲ့ အခွန်ကောက်ဖို့သာ ကြိုးစားနေပေမယ့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေ လုပ်ငန်းခွင်တွေမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာ၊ ဖိနှိပ်ခံရတာနဲ့ ပြဿနာတွေ ကြုံလာတဲ့အခါ ဖြေရှင်းပေးနိုင်မှု မရှိဘူးလို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောဆိုကြပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013