DVB Logo
Home
နိုင်ငံတကာ
စစ်ဆင်ရေးဆက်လုပ်မည်ဟုအစ္စရေးကတိပြု၊ အကျဉ်းသားလဲမည်မဟုတ်ဟု ဟားမတ်စ်တုံ့ပြန်
DVB
·
December 30, 2023
စစ်ဆင်ရေးဆက်လုပ်မည်ဟုအစ္စရေးကတိပြု၊ အကျဉ်းသားလဲမည်မဟုတ်ဟု ဟားမတ်စ်တုံ့ပြန်
Donate to DVB

အစ္စရေးရဲ့ ရည်မှန်းချက်ရောက်တဲ့အထိ ဂါဇာကမ်းမြောင်ဒေသမှာ စစ်ဆင်ရေးတွေ ဆက်လုပ်ဆောင်သွားမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ်ဂါးလန့်ထ်က ဒီဇင်ဘာ ၂၉ ရက်မှာပြောကြားလိုက်ပါတယ်။

အဲဒီနေ့မှာပဲ ဟားမတ်စ်ခေါင်းဆောင် ဘာဆမ်နာအီမ်ကလည်း ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ ရန်စမှုတွေကို အဆုံးမသတ်မချင်း အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်တွေကို ပြုလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါးလန့်ထ်ဟာ ဟိုင်ဖာရှိ လေတပ်စခန်းကို လာရောက်ခဲ့ပြီး လေသူရဲတွေနဲ့ လေတပ်စခန်းဝန်ထမ်းတွေကို နှုတ်ဆက်နေတဲ့ ဗီဒီယိုကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဂါးလန့်ထ်က လေတပ်စစ်ဆင်ရေးတွေကို ထူးကဲကောင်းမွန်ကြောင်း ချီးကျူးခဲ့ပြီး ရည်မှန်းချက်တွေအားလုံး ပြည့်ဝအောင်မြင်တဲ့အထိ ဂါဇာမှာ 'ပြင်းထန်တဲ့ အရေးယူ ဆောင်ချက်တွေ'ကို ဆက်လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

အစ္စရေးဟာ ဒီနှစ်ကုန်ဆုံးချိန်ကို ဂါဇာကမ်းမြောင်အလယ်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ တိုက်ခိုက်မှုအသစ်တွေ လုပ်ဆောင်ခဲ့ပြီးတော့ ဟားမတ်စ်တွေကို ချေမှုန်းရာမှာ သူ့မစ်ရှင်ရဲ့ မလုပ်မဖြစ် အဆင့်တခု ဆိုပြီး တခြားဒေသကနေ မောင်းထုတ်ထားတဲ့ လူတွေကို အစုအပြုံလိုက် လွှတ်ပေးခဲ့ပါတယ်။

ဟားမတ်စ်ဘက်ကလည်း  'အစ္စရေးရဲ့ ရန်လိုမှုတွေ မပြီးမချင်း ဘာအကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်မှ၊ ဘာညှိနှိုင်းမှုမှ မရှိပါဘူး'လို့ ဒီဇင်ဘာ ၂၉ ရက်မှာ ပြောထားတာပါ။

အီဂျစ်ကတော့ ဂါဇာကမ်းမြောင်မှာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ပဋိပက္ခကို အဆုံးသတ်ဖို့  အပစ်အခတ် ရပ်စဲရေးအတွက် အဆင့် ၃ ဆင့် ပါဝင်တဲ့ မူဘောင် အဆိုပြုချက်ကို ဒီဇင်ဘာ ၂၈ ရက်မှာအတည်ပြုခဲ့ပြီး အစီအစဉ်နဲ့ပတ်သက်ပြီး တုံ့ပြန်မှုတွေကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

တုံ့ပြန်မှုတွေ ရလာပြီဆိုရင်တော့ အစီအစဉ်ရဲ့ အသေးစိတ်အချက်အလက်တွေကို အီဂျစ်က ထုတ်ပြန်သွားမှာဖြစ်ကြောင်း အီဂျစ် နိုင်ငံတော်သတင်းအချက်အလက်ဌာန အကြီးအကဲ ဒီယားရက်ရှ်ဝမ်က ကြေညာချက်မှာ ပြောပါတယ်။

အမြဲတမ်း အပစ်အခတ်ရပ်စဲရေးအတွက် ဂါဇာကမ်းမြောင်ဒေသမှာ အာဏာလက်လွှတ်လိုက်ဖို့ ဆိုတဲ့ အီဂျစ်ရဲ့ အဆိုပြုချက်ကို ဟားမတ်စ်နဲ့ မဟာမိတ် အစ္စလာမ္မစ် ဂျီဟတ်တွေက ဒီဇင်ဘာ ၂၅ ရက်မှာ ပယ်ချခဲ့တယ်လို့ အီဂျစ်လုံခြုံရေးသတင်းရင်းမြစ်က ရိုက်တာကို ပြောပါတယ်။

လတ်တလော ဂါဇာကမ်းမြောင်မှာ  ရှာတွေ့တဲ့ ဥမင်ကွန်ရက်အသစ်လို့ ပြောထားတဲ့ ရုပ်သံကို အစ္စရေး စစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။

ဒီဥမင်တွေဟာ ဂါဇာမြောက်ပိုင်းမှာရှိတဲ့ ဟားမတ်စ်တွေရဲ့ ဗဟိုဌာနချုပ်ထဲမှာ ရှိပြီး နောက်ပိုင်းမှာ ဖျက်ဆီးခဲ့ပြီးပြီလို့ အစ္စရေး စစ်တပ်က မနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ဒီဥမင်တွေထဲမှာ လျှပ်စစ်မီး ကွန်ရက်၊ ဓာတ်လှေကားတစီး၊ ဆုတောင်းခန်းနဲ့ နားနေခန်းတွေ၊ လေဝင်လေထွက်စနစ်နဲ့ မိလ္လာစွန့် စနစ်တွေ ပါတယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဂါဇာစစ်ပွဲအတွင်း အစ္စရေးဘက်က ၁၁၃၉ ဦးသေဆုံးပြီး ၈၇၃၀ ဦး ဒဏ်ရာရခဲ့ကာ ပါလက်စတိုင်းတွေဘက်မှာတော့ လူအယောက် ၂၂၀၀၀ နီးပါးသေဆုံးခဲ့ပါတယ်။

အစ္စရေးရဲ့ ဂါဇာအပေါ် ထိုးစစ်ဟာ လူမျိုးတုံး သတ်ဖြတ်မှုအဆင့်ကို ရောက်နေပြီလို့ စွပ်စွဲရင်း တောင်အာဖရိကနိုင်ငံက နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးမှာ ​အစ္စရေး အစိုးရကို တရားစွဲခဲ့ပါတယ်။

ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးက တောင်အာဖရိကနိုင်ငံရဲ့လုပ်ရပ်ကို ကြိုဆိုခဲ့ပါတယ်၊ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးကလည်း လူသားချင်း စာနာမှုဆိုင်ရာ အရေးယူ ဆောင်ရွက်ချက်တွေမရှိရင် ဂါဇာမှာ လူတွေအများကြီး ပိုသေကုန် လိမ့်မယ်လို့ ပြောခဲ့ပါတယ်။

အစ္စရေး တင့်ကားတပ်နဲ့ စစ်တပ်ဟာ ဂါဇာအလယ်ပိုင်းက ဘူရိချ် ဒုက္ခသည် စခန်းကို ဝိုင်းထားပြီး ပါလက်စတိုင်း တိုက်ခိုက်ရေးသမားတွေက ခုခံနေတယ်လို့ စစ်ပွဲ စောင့်ကြည့် လေ့လာသူတွေကို ကိုးကားပြီး အယ်လ်ဂျားဇီးယား သတင်းဌာနမှာ ဖော်ပြပါတယ်။

ဂါဇာက ဟားမတ်စ်တွေကို ထောက်ခံတဲ့ လက်ဘနွန်က ဟဇ်ဘိုလာ အဖွဲ့ရဲ့ နေရာ နောက်ထပ် ၂ ခုကို တိုက်ခိုက်ခဲ့တယ်လို့  အစ္စရေး စစ်တပ်က ပြောပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013