DVB Logo
Home
မြန်မာသတင်း
မြောက်ဦးတိုက်ပွဲ၌ အရပ်သား သေဆုံးမှု တိုးလာ၊ ရှေးဟောင်းယဉ်ကျေးမှုများ ပျက်စီး
DVB
·
December 28, 2023
မြောက်ဦးတိုက်ပွဲ၌ အရပ်သား သေဆုံးမှု တိုးလာ၊ ရှေးဟောင်းယဉ်ကျေးမှုများ ပျက်စီး
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ အခုရက်ပိုင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လို့ အရပ်သားပြည်သူ ၁၅ ယောက် သေဆုံးကာ ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ် စေတီဘုရားတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြောက်ဦးမြို့နယ်မှာ ဒီဇင်ဘာ ၂၄ ရက်ကစတင်ပြီး ဒီဇင်ဘာ ၂၈ ရက်အထိ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ဒေသခံတွေရှိတဲ့ နေရာတွေကိုပါ လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်ခဲ့လို့  ဒီဇင်ဘာ ၂၄ ရက်ကနေ  ၂၈ ရက် နေ့လယ်အထိ မြောက်ဦးမြို့နယ်မှာ အရပ်သားပြည်သူ ၁၅ ယောက် သေဆုံးကာ ၂၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီအပြင် သမိုင်းဝင် ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက် ဒေသခံက ပြောပါတယ်။

“စစ်ကောင်စီတပ်ဘက်က မြောက်ဦးမြို့ရှိ အရပ်သားပြည်သူတွေနေထိုင်တဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ ဘုရားပေါ် စစ်ဘေးရှောင်စခန်းက ကလေးငယ်တွေနဲ့ ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတယ်။ စစ်ကောင်စီဘက်က ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာတွေ ပြုလုပ်နေလို့ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး မြို့ထဲမှာ ထမင်းငတ်နေတဲ့ ပြည်သူတွေလည်း ရှိနေတယ်။”

မြောက်ဦးအခြေစိုက် ခမရ ၃၇၇၊ ၅၄၀ တပ်ရင်းတွေက ဒီဇင်ဘာ ၂၆ ရက် မနက် ၅ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ရှေးဟောင်အမွေအနှစ် ယဥ်ကျေးမှုပြတိုက် အဆောက်အဦနဲ့ ကျောက်စာတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ထားပါတယ်။

ညနေ ၄ နာရီခွဲလောက်မှာလည်း ဂျက်တိုက်လေယာဥ်တစင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ကာ ဗုံး ၆ လုံးကြဲချ တိုက်ခိုက်ခဲ့လို့ ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ ရှစ်သောင်းပုထိုးတော်ရဲ့ နောက်ကျောဘက်မှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ရက္ခိုင့်တပ်တော်နဲ့ နီးစပ်သူက “ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွေ၊ ထွေအုပ်ရုံးတွေကို အေအေက သိမ်းပိုက်ရရှိထားတယ်လို့ သိရပြီး စစ်ကောင်စီရဲ့ ခမရ ၃၇၇၊ ၅၄၀ တပ်ရင်းတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကာ ကမ္ဘာ့အမွေအနှစ် ယူနက်စကိုဝင်ဖို့ ကြိုးစားနေတဲ့ ရခိုင်တို့ရဲ့ အသက်သွေးကြော ယဥ်ကျေးမှုအမွေအနှစ်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာကို ကျနော်တို့ တွေ့မြင်နေရတယ်။ စစ်ကောင်စီတပ်ဘက်က အရပ်သားပြည်သူတွေကို ULA/AA နဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲပြီး မတရားဖမ်းဆီးတာတွေ ပြုလုပ်နေသလို စားဝတ်နေရေးအတွက် စျေးရောင်း၊ စျေးဝယ် သွားလာနေရတဲ့ ခရီးသွားပြည်သူတွေကိုလည်း အစုလိုက်အပြုံလိုက် ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က အရပ်သားပြည်သူတွေရှိတဲ့ နေရာတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာတာကြောင့် မြောက်ဦးမြို့ခံတွေ အကုန်လုံးနီးပါး ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေရပြီး စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။

ဒီဇင်ဘာ ၂၆ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်ဘက်က မြောက်ဦးမြို့ ဘုရားပေါ် စစ်ဘေးရှောင်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့တဲ့အတွက် ကလေးငယ် ၃ ယောက် အပါအဝင် စစ်ရှောင် ၄ ယောက် သေဆုံးကာ ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ အေအေနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီက သိရပါတယ်။

မြောက်ဦးမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့ မြို့မရဲစခန်းတို့ကို အေအေက ဒီဇင်ဘာ ၂၆ ရက် ည ၉ နာရီမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး မြောက်ဦးမြို့နယ် မြောင်းဘွေရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီမနက် အစောပိုင်း ၃ နာရီလောက်မှာ အေအေက စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၁၆ မြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်း၊ နယ်ခြားစောင့်စခန်းတွေ အပါအဝင် စစ်စခန်းပေါင်း ၁၄၂ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ အေအေက ထုတ်ပြန်ထားပါတယ်။

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013