DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် မြေမြှုပ်မိုင်းကြောင့် နှစ် ၂၀ကျော်အတွင်း လူပေါင်း ၆၁၀၀  ကျော်  ထိခိုက် သေဆုံး
DVB
·
December 28, 2023
မြန်မာတွင် မြေမြှုပ်မိုင်းကြောင့် နှစ် ၂၀ကျော်အတွင်း လူပေါင်း ၆၁၀၀  ကျော်  ထိခိုက် သေဆုံး
Donate to DVB

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေကြောင့် ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၂၂ နှစ်ကုန်ပိုင်းထိ ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း လူပေါင်း ၆၁၇၄ ယောက်ထိခိုက် သေဆုံးခဲ့တယ်လို့ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့  (Landmine and cluster munition monitor) အဖွဲ့ရဲ့ ၂၀၂၃ ဒီဇင်ဘာလ အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်ထိ ထိခိုက်သေဆုံးမှုတွေကို နှိုင်းယှဉ်ကြည့်ရာမှာ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ထိခိုက်သေဆုံးသူ သိသိသာသာတိုးတက်လာတာကိုလည်း တွေ့ရပါတယ်။

စစ်တပ်က မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်တာမျိုးရှိပေမဲ့ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ညီတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ဆောင်ချက်က သုညရာခိုင်နှုန်းသာ ရှိနေတယ်လို့ အဆိုပါအဖွဲ့ရဲ့  သုတေသနညှိုနှိုင်းရေးမှူးက  ပြောပါတယ်။ 

“ကျနော်တို့ အစီရင်ခံစာမှာ  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေး လုပ်ဆောင်ချက်က သုညရာခိုင်နှုန်းလို့ ဖော်ပြထားတာ ဟုတ်ပါတယ်။ ဒါက ဘာကို ပြောတာလဲဆိုရင် စစ်တပ်က သူ့တို့ဘာသာ သူတို့နယ်မြေတွေမှာ မိုင်းရှင်းလင်းတာမျိုးတွေရှိပါတယ်။ ဒါပေမဲ့ ဒါက နိုင်ငံတကာစံချိန်စံနှုန်းတွေ၊ မိုင်းရှင်းလင်းရေး ဉပဒေတွေနဲ့ မိုင်းရှင်းလင်းတာမျိုးဟုတ်မနေတာပါ။ ဥပမာပြောရရင် ပြီးခဲ့တဲ့ ၂ နှစ်ကျော် ၃ နှစ်လောက်မှာ ကချင်ပြည်နယ် ဝိုင်းမော်မှာ စစ်ရှောင်တွေကို နေရပ်ပြန်ဖို့ မိုင်းရှင်းလင်းရေး လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ဘယ်နေရာတွေက မိုင်းရှင်းလင်းသွားပြီ ဘယ်နေရာတွေမှာတော့ မိုင်းလက်ကျန်တွေရှိတယ်ဆိုတာမျိုး ထုတ်ပြန်ချက်ထဲ မပါ ပါဘူး။ ပြီးတော့ မိုင်းအရေအတွက် ဘယ်လောက်ရှင်းလင်းတယ်၊ ဘယ်လို စံချိန်စံညွှန်းနဲ့ ရှင်းလင်းတယ်ဆိုတာလည်း မပါရှိပါဘူး။ မြန်မာနိုင်ငံမှာတော့ မိုင်းရှင်းလင်းရေးနဲ့ပတ်သက်ပြီး စစ်တပ်ကလွဲလို့ ဘယ်လိုအဖွဲ့အစည်း ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ လုပ်ခွင့်မပေးထားပါဘူး။”

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး အမျိုးအမည်မသိတဲ့ လက်နက်ကြီးပေါက်ကွဲမှုက ဒုတိယအများဆုံးဖြစ်တယ်လို့ သိရပါတယ်။ စစ်ကျန်လက်နက်တွေနဲ့ တင့်ကားဖျက်မိုင်းတွေကြောင့်လည်း လူသေဆုံးထိခိုက်တာတွေရှိတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

၂၀၀၇ ခုနှစ်ကနေ ၂၀၂၂ အထိ မြန်မာနိုင်ငံမှာ  မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးဒေသကတော့ ရှမ်းပြည်နယ်ဖြစ်ပါတယ်။ လတ်တလော တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မှာ မြေမြှုပ်မိုင်း အန္တရာယ်ကို နှစ်ဖက်အဖွဲ့တွေအနေနဲ့ လူထုကို ကြိုတင်သတင်းပေးဖို့ လိုအပ်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“မြေမြှုပ်မိုင်းကတော့ အသုံးမပြုသင့်တဲ့အရာပေါ့နော်။ ဘာလို့လဲဆိုတော့ ဒေသခံတွေပဲ အများဆုံးနစ်နာတာ။ လက်ရှိမှာ ကျမတို့ ရှမ်းပြည်အနေနဲ့ဆိုရင် ပဋိပက္ခတွေဆက်ဖြစ်နေတယ်။ တိုက်ပွဲတွေ ဆက်ရှိနေတယ်။ ဒီကာလမှာတော့ ဒါတွေကို ဘယ်လိုမှ ရှင်းဖို့က မလွယ်ဘူးပေါ့။ ဒါကို ကျမတို့ လူ့အခွင့်အရေး ရှုထောင့်ကနေ အမြင်ဆို အကောင်းဆုံးဖြေရှင်းနိုင်တဲ့ နည်းလမ်းကတော့ ဒီဒေသခံတွေကို နှစ်ဖက်တပ်ကနေ ဘယ်မှာ မြေမြှုပ်မိုင်း ထောင်ခဲ့တယ်ဆိုတာကို အသိပေးတာလောက်တော့ လုပ်ပေးသင့်တယ်လို့ ကျမတို့ပြောချင်တယ်။” 

မြေမြှုပ်မိုင်းတွေကြောင့် ထိခိုက်သေဆုံးသူတွေထဲမှာ အမျိုးသားတွေက ၅၉ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး  အသက်အရွယ်ခွဲကြား မရနိုင်သူက ၂၃ ရာခိုင်နှုန်း၊ ကလေးသူငယ်က ၁၀ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၈ ရာခိုင်နှုန်း ပါဝင်နေတယ်လို့  အစီရင်ခံစာမှာဖော်ပြထားပါတယ်။

Unicef Myanmar ရဲ့  ၂၀၂၃ စက်တင်ဘာ ထုတ်ပြန်ချက်မှာလည်း ၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၃  ခုနှစ် ၉ လအတွင်း ထိခိုက်သေဆုံးသူဦးရေက  နှစ်ဆ ကျော်တိုးလာတယ်လို့  ဖော်ပြထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013