DVB Logo
Home
မြန်မာသတင်း
လက်နက်ကြီးကြောင့် မြောက်ဦးပြည်သူ ၁ ဦးသေပြီး ၁၀ ဦးဒဏ်ရာရ၊ ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ
DVB
·
December 28, 2023
လက်နက်ကြီးကြောင့် မြောက်ဦးပြည်သူ ၁ ဦးသေပြီး ၁၀ ဦးဒဏ်ရာရ၊ ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက် မနက်က စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၁ ယောက် သေဆုံးကာ ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြောက်ဦးမြို့နယ် ကိုင်းတော(မွတ်ဆလင်)ကျေးရွာကို စစ်ကောင်စီ ခမရ ၃၇၇၊ ၅၄၀ တပ်ရင်းတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ်တအိမ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ၁ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကိုင်းတောကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ကိုင်းတောကျေးရွာက အသက် ၁၈ နှစ်အရွယ် ဟာမီဒူရာမာန်ဟာ ဘယ်ဘက်ဝမ်းဗိုက်မှာ လက်နက်ကြီးကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် သေဆုံးသူရဲ့ဖခင် အသက် ၃၈ နှစ်အရွယ် ဦးဖေရာမ်၊ အသက် ၄၀ အရွယ် အူဆိုဂေါ်နီ၊ အသက် ၂၂ နှစ်အရွယ် မဘေအာရှခါတူနဲ့ ကိုအာဘူလရှာ၊  အသက် ၁၂ နှစ်အရွယ် မနော်ရာရှာတို့ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ပြောပါတယ်။

မြောင်းဘွေရဲစခန်းဘက်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်သံတွေ ကြားနေရကာ မြောက်ဦးနဲ့ မင်းပြား အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာကိုလည်း ဒီဇင်ဘာ ၂၈ ရက် မနက် ၃ နာရီကျော်လောက်မှာလည်း မြောက်ဦးအခြေစိုက် ခမရ ၃၇၇၊ ၃၇၈၊ ၅၄၀ စစ်ကောင်စီတပ်ရင်းတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဦးမြို့ ဒေသခံတယောက်က ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့သူတွေကတော့ အသက် ၁၆ နှစ်အရွယ် ဇော်မာရာမောက်၊ အသက် ၁၉ နှစ်အရွယ် ကိုစိုးနိုင်၊ အသက် ၁၉ နှစ်အရွယ် ကိုရွှေမောင်၊ အသက် ၁၂ နှစ်အရွယ် အုန်ဘင်နာလီနဲ့ အသက် ၂၂ နှစ်အရွယ် အဒူဘာကိန်းတို့ လက်နက်ကြီးကျည်စ ထိမှန်ပြီး ဒဏ်ရာ​တွေရရှိခဲ့ကာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၂၄ ရက်ကနေ ၂၈ ရက် နေ့လယ်ပိုင်းအထိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေအပါအဝင် ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သား ပြည်သူ ၁၅ ယောက် သေဆုံးကာ ၂၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှာတော့ ဒီဇင်ဘာ ၂၈ ရက် မနက်က စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ တပ်ရင်းက စစ်ကောင်စီတပ်သား အင်အား ၃၀ ကျော်လောက်ကို ဒီဇင်ဘာ ၂၈ ရက် ၁၁ နာရီ မိနစ် ၂၀ လောက်မှာ ရက္ခိုင့်တပ်တော် (အေအေ) က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ အေအေနဲ့နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်သားတွေက ရန်ကုန်-စစ်တွေ ကားလမ်းမကြီးအတိုင်း ခြေလျင်လျှောက်လာတာကို ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက် ဂူဝဘုရားဘက် အထွက်နားမှာ ရက္ခိုင့်တပ်တော် (အေအေ) က မိုင်း ၃ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က သေဆုံး ဒဏ်ရာရသူတွေ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးတာကြောင့် ဆက်လက်စုံစမ်းနေတယ်လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့ထဲကို မနက် ၁၁ နာရီ ၂၇ မိနစ်မှာ စစ်ကောင်စီရဲ့ ၅၅၀ တပ်ရင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့သလို စစ်တွေမြို့နယ် ပါဒလိတ်အခြေစိုက် ခမရ ၃၄၄၊ ၂၃၂ တပ်ရင်းတွေကလည်း လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့ကာ ဒရုန်းတွေနဲ့ ဗုံးကြဲခဲ့လို့ ကွန်းတောင်ကျေးရွာနားမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၁၆ မြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ စစ်ကောင်စီရဲ့ ဗျူဟာကုန်း၊ နယ်ခြားစောင့်စခန်းတွေ အပါအဝင် စစ်စခန်းပေါင်း ၁၄၂ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013